
မြန်မာနိုင်ငံရှိ အားကောင်းသော သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး မြန်မာ-ထိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် သြဂုတ် ၆ ရက်က ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ခေတ္တတည်းခိုသည့် ဟိုတယ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ မကြာခင်ရေးထိုးသွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ အားကောင်းသော သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကွန်ရက်စနစ် ပိုမိုကြံ့ခိုင်ကောင်းမွန်စေရေးနှင့် တိုးချဲ့တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး တက်ရောက်ပြီး ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။