Myanmar National Post

ယူကရိန်းက ပတ်ထရီရော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် စနစ်အတွက် အပိုကြားဖြတ်ဒုံးကျည်တွေ ထပ်မံပေးပို့ပေးဖို့ တောင်းဆိုထားတာကို အမေရိကန် ပယ်ချ


ဩဂုတ် - ၈ ( သောကြာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ယူကရိန်းက ပတ်ထရီရော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် စနစ်အတွက် အပိုကြားဖြတ်ဒုံးကျည်တွေ ထပ်မံပေးပို့ပေးဖို့ တောင်းဆိုထားတာကို ပယ်ချလိုက်ပါတယ်။ ဒီလိုဖြစ်လာတာဟာ အီရန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် အမေရိကန်ရဲ့ ကြားဖြတ်ဒုံးကျည် သိုလှောင် ပမာဏ သိသိသာသာ လျော့နည်းသွားတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီး ကတော့ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အနောက်နိုင်ငံတွေ ထောက်ပံ့ထားတဲ့ ကြားဖြတ်ဒုံးကျည်တွေ ကုန်ခါနီးနေပြီ လို့ သတိပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းက ကိယက်ဗ်မြို့ကို ရုရှားဘက်က အပြင်းအထန် ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာတော့ ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်တွေဟာ ဒုံးကျည်တစ်စင်းတောင် ကြားဖြတ်ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ဘူး လို့ သိရပါတယ်။

ဇီလန်စကီးက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ဗီဒီယိုမိန့်ခွန်းမှာ"အမေရိကန်က ကျနော်တို့ ဘာလိုအပ်တယ် ဆိုတာကို အတိအကျ သိပါတယ်။ ဒါဟာ မရေရာတဲ့ကိစ္စတစ်ခုကို ပြောနေတာ မဟုတ်ပါဘူး။" လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနေ့ နောက်ပိုင်းမှာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲမှာ သတင်းထောက်တစ်ဦးက ယူကရိန်းရဲ့ ဒုံးကျည်ထပ်မံတောင်းဆိုမှု အကြောင်း မေးမြန်းရာမှာတော့ ထရမ့်က "အင်း... ကျနော်တို့လည်း ဒုံးကျည်တွေ လိုချင်တာပဲလေ" လို့ ပြန်ဖြေခဲ့ပါတယ်။

ထရမ့်က ဆက်ပြီး သူ့ရဲ့ ရှေ့သမ္မတ ဂျိုးဘိုင်ဒင် ဟာ ယူကရိန်းကို ဒေါ်လာ ဘီလျံ ၃၀၀ ဖိုးရှိတဲ့ လက်နက်ခဲယမ်းတွေကို အလကားပေးခဲ့တာဖြစ်ပြီး၊ အဲဒီအတွက် အမေရိကန်ရဲ့ လက်နက်သိုလှောင်မှုတွေကို ထိခိုက်စေခဲ့တယ် လို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ ထရမ့်က"ကျနော် ၂၀၂၁ ခုနှစ်မှာ သမ္မတရာထူးက ထွက်သွားတုန်းက လက်နက်သိုလှောင်မှုတွေ အပြည့်ရှိခဲ့တယ်။ ဒါပေမယ့် သူက အဲဒီထဲက အများကြီးကို ပေးပစ်လိုက်တယ်။ အခုတော့ ကျနော်တို့ ပြန်ပြီး ဖြည့်တင်းတည်ဆောက်နေပါတယ်။" လို့ ပြောပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အမေရိကန်ရဲ့ လက်နက်သိုလှောင်ပမာဏက အခြေအနေကောင်းနေဆဲ ဖြစ်တယ် လို့ ပြောခဲ့ပြီး၊ "ကျနော်တို့မှာ လက်နက်ထောက်ပံ့နိုင်စွမ်းက အကန့်အသတ်မရှိဘူး" လို့လည်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ထရမ့်က"ဒီစစ်ပွဲမှာ ကျနော်တို့ ပါဝင်နေတာ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ယူကရိန်းကြားမှာ သမုဒ္ဒရာတစ်စင်း ခြားနေတယ်။"လို့ ပြောကြားခဲ့ပါတယ်။


REF: RT

#သတင်းလွှာ

မူရင်းသတင်း — Myanmar National Post