Popular Myanmar

ထိုင်းနိုင်ငံသည် မြန်မာ၌ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံကျော်ဖြင့် ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်လာ

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်း တန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၃ ခု ရင်းနှီးမြှုပ်နှံထားပြီး ငါးခုမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ဩဂုတ် ၆ ရက်က ဗန်ကောက်မြို့၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ မှ သိရသည်။

ဖိုရမ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေး ချိတ်ဆက်မှုများ ပိုမိုခိုင်မာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ကြသည်။

ကုန်သွယ်မှု အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်နှင့် ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်မှုပမာဏ ၁၂ ဘီလီယံအထိ ရောက်ရှိရေးအတွက် ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ (JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

မြန်မာဘက်က စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ဒီဂျစ်တယ် ဝန်ဆောင်မှု၊ EV ယာဉ်၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါးနှင့် တာယာထုတ်လုပ်ရေး စသည့် ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး EV နှင့် ဆက်စပ်လုပ်ငန်းများအတွက် အကောက်ခွန် လျှော့ချပေးထားကြောင်း ပြောကြားသည်။

ထို့အပြင် မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်နှင့် Logistics လုပ်ငန်းများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများရှိပြီး အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို RCEP နှင့် အာဆီယံ စီးပွားရေးစင်္ကြံ ချိတ်ဆက်ပေးမည့် သော့ချက်အဖြစ် ရှုမြင်ထားသည်။

မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ နှင့် ဧက ၁၀,၀၀၀ ကျယ်ဝန်းသည့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းတို့တွင်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် တိုက်တွန်းခဲ့သည်။

နှစ်နိုင်ငံအကြား ၂၀၂၂ ခုနှစ်မှစ၍ ကျပ်ငွေနှင့် ဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို အသုံးပြုလျက်ရှိပြီး တရားမဝင် ကုန်သွယ်မှုနှင့် အရည်အသွေးမမီသည့် စားသောက်ကုန်၊ ဆေးဝါးများ ဝင်ရောက်မှုကို ပူးပေါင်းတို-က်ဖျ-က်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးသွားမည်ဟု အဆိုပါဖိုရမ်တွင် ဆွေးနွေးခဲ့ကြသည်။

မူရင်းသတင်း — Popular Myanmar