
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် မြောက်ဘက် နွန်သဘူရီပြည်နယ် ဘန်ခရူအိုင်ခရိုင်ရှိ အထက်တန်းကျောင်းတစ်ခုတွင် ဩဂုတ် ၇ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူ လေးဦး သေဆုံးခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူ ၉ တန်းကျောင်းသား အသက် ၁၄ နှစ်အရွယ် ယောက်ကျားလေးတစ်ဦးကိုလည်း သေဆုံးလျက် တွေ့ရှိခဲ့သည်။
ကျောင်းသားများနှင့် ကျောင်းဝန်ထမ်းများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်ကို တွေ့ရှိပြီး အခင်းဖြစ်ပွားရာ နေရာသို့ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့များကို စေလွှတ်ထားသည်။
သံသယရှိသူသည် ကျောင်းသို့ မသွားမီ ၎င်း၏ အဘိုးနှင့် အဘွားဖြစ်သူတို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး အဘိုးအဘွားများ၏ ရုပ်အလောင်းများကို နေအိမ်တွင် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးက ပြောကြားခဲ့သည်။
အစောပိုင်းသတင်းများတွင် ကျောင်းတွင်းပစ်ခတ်မှုအတွင်း လူ ၆ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က စတင် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် အာဏာပိုင်များက ကျောင်းအတွင်း သေဆုံးသူမှာ ဆရာ၊ဆရာမ ၄ ဦး ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းထားသည်။
Ref: BBC