Eleven Media Group

■ ကန်ချနာဘူရီရှိ ကလေးထိန်းကျောင်းကို ကားတစ်စီးဝင်တိုက်ခဲ့ရာ လူ ၁၀ ဦးခန့် ဒဏ်ရာရ

ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီ​ပြည်နယ်တွင် ယနေ့ဩဂုတ် ၇ ရက်၌ ခရီးသည်တင်ကားတစ်စီး ကလေးထိန်းသိမ်းရေးကျောင်းထဲ ဝင်တိုက်ခဲ့သဖြင့် လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Khaosod English သတင်းအရ သိရသည်။

အဆိုပါကားသည် မူအန်ခရိုင်ရှိ ဘန်နောင်ဆောင်တုန် ကလေးဖွံ့ဖြိုးရေးစင်တာသို့ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ်ဆေးဘက်အဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ကာ ထိခိုက်သူများကို ကူညီဆောင်ရွက်ပေးခဲ့သည်။

အာဏာပိုင်များက ထိခိုက်ဒဏ်ရာရသူများကို အခင်းဖြစ်နေရာတွင် ရှေးဦးသူနာပြုစုခြင်းများလည်း ပြုလုပ်ပေးခဲ့ပြီး နီးစပ်ရာ ဆေးရုံများသို့ အရေးပေါ်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ ကယ်ဆယ်ရေးယာဉ်များနှင့် လူနာတင်ယာဉ်များ အလွယ်တကူ ဝင်ထွက်နိုင်ရန် အခင်းဖြစ်ရာတစ်ဝိုက် ယာဉ်အသွားအလာကိုလည်း ထိန်းသိမ်းပေးခဲ့သည်။

ကားတိုက်မှု ဖြစ်ပွားသည့် အကြောင်းရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ထိခိုက်ဒဏ်ရာရသူဦးရေ ပြောင်းလဲနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

Ref: Khaosod English

မူရင်းသတင်း — Eleven Media Group