Eleven Media Group

■ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပေါ်သို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ပစ်ခတ်

မြောက်ကိုရီးယားသည် ဩဂုတ် ၆ ရက်က ဂျပန်ပင်လယ်ပေါ်သို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါဒုံးကျည်ပစ်ခတ်မှုသည် ပစိဖိတ်ဒေသအတွင်း ဂျပန်၏ စစ်အင်အားတိုးချဲ့မှုကို မြောက်ကိုရီးယားက ပြင်းထန်စွာဝေဖန်ခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ဂျပန်၏ ကာကွယ်ရေး စက္ကူဖြူစာတမ်းတွင် မြောက်ကိုရီးယားကို ဒေသတွင်းခြိမ်းခြောက်မှုများထဲမှ တစ်ခုအဖြစ် ဖော်ပြခဲ့သည်။

ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ဂျပန်၏ စစ်အင်အားကို အရေးတကြီး တိုးမြှင့်ရန် လိုအပ်ကြောင်း ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာမှတစ်ဆင့် ဩဂုတ် ၅ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဩဇာရှိသော ညီမဖြစ်သူ ကင်ယိုဂျုံက ဂျပန်၏ ပြောင်းလဲမှုများကြောင့် ခေါင်းဆောင်ပိုင်းအနေဖြင့် စစ်ဘက်ဆိုင်ရာ ရွေးချယ်မှုများကို ပြင်ဆင်သွားမည်ဟု ပြောဆိုခဲ့သည်။

ဩဂုတ် ၆ ရက်တွင် တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က မြောက်ကိုရီးယားနိုင်ငံ ဝမ်ဆန်းဒေသမှ ပစ်ခတ်ခဲ့သည့် တာတိုပစ်ဒုံးကျည်တစ်စင်းကို ညနေ ၅ နာရီခန့်တွင် ထောက်လှမ်းသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားအာဏာပိုင်များသည် ဒုံးကျည်၏ အသေးစိတ် အချက်အလက်များကို ဆန်းစစ်လျက်ရှိကြောင်း သတင်းမီဒီယာများကို မက်ဆေ့ချ်ပေးပို့ခဲ့သည်။

အဆိုပါ ဒုံးကျည်ကို ဂျပန်ပင်လယ်ဟု လူသိများသည့် အရှေ့ပင်လယ်ပြင်ဆီသို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယားမှ ဖြစ်နိုင်ခြေရှိသော ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်နိုင်ငံ၏ ပတ်ဝန်းကျင် ဒေသများအပေါ် ထိခိုက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည် စောင့်ကြည့်လေ့လာမှုများကို တိုးမြှင့်ထားပြီး ထပ်မံပစ်ခတ်နိုင်ခြေများအတွက် အသင့်ပြင်ဆင်ထားရှိကာ မဟာမိတ်များဖြစ်ကြသော အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ထံ သတင်းအချက်အလက်များ မျှဝေပေးလျက်ရှိကြောင်း JCS က ဆိုသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားကို ထိန်းချုပ်ရန် ရည်ရွယ်သည့် ၎င်းတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုများကို ယခုလကုန်ပိုင်းတွင် ပြုလုပ်ရန် မျှော်လင့်ရသည်။

မြောက်ကိုရီးယားသည် ယင်းကဲ့သို့သော ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်ဝင်ရောက်ရန် လေ့ကျင့်မှုများအဖြစ် စွပ်စွဲပြစ်တင်ကာ အမြဲတမ်း ဒေါသတကြီး တုံ့ပြန်လေ့ရှိသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group