Eleven Media Group

မိုးကုတ်မြို့တွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမှုများ ထပ်မံဖြစ်ပွား

မိုးကုတ်မြို့တွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမှုများ ထပ်မံဖြစ်ပွားလျှက်ရှိပြီး မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဆက်သွယ်ထားသော လမ်းပိုင်းများတွင် လမ်းအက်ကြောင်းများဖြစ်ပေါ်ကာ ပြိုကျနေခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည် ။

ယင်းသို့ လမ်းပခုံးသား ကွဲအက်ပြိုကျမှုအခြေအနေအရ လမ်းအသုံးပြုသွားလာကြသူများအနေဖြင့် အန္တရာယ်ရှိနေရာများတွင် အထူးသတိပြု သွားလာကြရန် ပါရမီလူမှုကူညီရေးအသင်းမှ အသိပေး နှိုးဆော်လျက်ရှိပြီး အဆိုပါ လမ်းကြောင်းများတွင် လုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးအတွက် အနောက်ပိုင်း မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ လောကဟိတအသင်း နှင့် ပါရမီအသင်း တို့မှ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည် ။

မိုးကုတ်မြို့ ပန်းမရပ်ကွက်နှင့် အောင်သစ်လွင်ရပ်ကွက်တွင် သြဂုတ်လ ၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံ ပြိုကျ၍ လူနေအိမ် ၃ လုံး ပျက်စီးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသြဂုတ်လ. ၇ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာအေးရပ်နှင့်ကျပ်ပြင် ဗောဓီကုန်းရပ်ကွက်တို့၌ မြေထိန်းနံရံ ထပ်မံ ပြိုကျ၍ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ် ခဲ့ကြောင်း ပါရမီလူမှုကူညီရေးအသင်းမှ သိရှိရသည် ။

မြို့ထဲလမ်းအတော်များများ တောင်ကျရေတွေ လျှံနေပြီ ။ ရေစီးလည်း သန်တယ် ။မြို့လယ်က ဖောင်တော်ဦးဘုရားအဆင်းဆောင်းတန်းက မိုးများလို့ ယိုင်နေပြီး ပြိုစပြုနေပြီ ။ မိုးက ခုထိ ရွာနေတုန်းပဲ " ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောကြားသည် ။

မိုးကုတ်-မန္တလေး လမ်းပိုင်းတွင်လည်း မြေပြိုကျမှုဖြစ်စဉ်များကြောင့် အတက်အဆင်း ကားများ ပိတ်မိလျှက်ရှိကြောင်း သိရှိရသည် ။

" မနေ့က မိုးကုတ်- မန္တလေးကားလမ်း စိန်ကုန်းရွာအနီး မိုင်တိုင်အမှတ် ၈၃မိုင် နဲ့မိုင်တိုင်အမှတ် ၉၉ ကြား နေရာ ၆ နေရာလောက်မှာ တောင်ကမ်းပါးရံတွေ ပြိုကျပြီး လမ်းပိတ်သွားတယ် ။ ကနေ့လည်း လမ်းပိုင်းနေရာအတိအကျ မသိရပေမယ့် မြေပြိုတာတွေ ဆက်ဖြစ်နေလို့ အတက်ရော အဆင်းကားရော မထွက်ပါဘူး ။ ကားတစ်ချို့ကတော့ လမ်းမှာ ပိတ်မိနေတယ် " ဟု မိုးကုတ်- မန္တလေးပြေးဆွဲလျှက်ရှိသည့် အမြန်ယာဉ်ငယ်အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။

မူရင်းသတင်း — Eleven Media Group