
အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ကူဝိတ်နိုင်ငံကို အီရန်က တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ကူဝိတ်အစိုးရသည် နိုင်ငံအတွင်းရှိ အီရန် ပုဂ္ဂလိကာ စာသင်ကျောင်းတစ်ခုကို ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ကူဝိတ်ပညာရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ခုက ဩဂုတ် ၆ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
အီရန်စစ်ပွဲအစောပိုင်းကာလတွင် ယူအေအီးနိုင်ငံကလည်း အီရန်အစိုးရနှင့် ဆက်စပ်နေသည်ဟု ယူဆသော ကျောင်းများနှင့် ဆေးရုံတစ်ရုံကို ပိတ်ခဲ့ပြီး လက်ရှိ ကူဝိတ်အစိုးရကမူ အီရန်ပုဂ္ဂလိကစာသင်ကျောင်းကို ပိတ်ရသည့် အကြောင်းရင်းကို တိကျစွာ ဖော်ပြခဲ့ခြင်းမရှိပေ။
ပင်လယ်ကွေ့ နိုင်ငံများသည် အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်း အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး အမေရိကန်နှင့် အီရန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြားသွားပြီးနောက် မကြာသေးမီ သီတင်းပတ်များအတွင်း ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့သည် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရသည်။
ကူဝိတ်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားစက်ရုံများနှင့် ရေချိုထုတ်လုပ်သည့် စက်ရုံများကို ထပ်တလဲလဲ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့်လအတွင်း လျှပ်စစ်ဓာတ်အားကို အကန့်အသတ်ဖြင့် သုံးစွဲကြရန် အာဏာပိုင်များက ဒေသခံများကို တောင်းဆိုခဲ့သည်။
အီရန်ပုဂ္ဂလိကကျောင်း၏ ပညာရေး လိုင်စင်ကို ရုပ်သိမ်းရန်နှင့် ကျောင်းကို ပိတ်သိမ်းရန် ပညာရေးဝန်ကြီးက ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက တွေ့ရှိခဲ့သည့် ဆုံးဖြတ်ချက်စာသားတွင် ဖော်ပြထားသည်။