
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ ထိုင်းဘုရင်မင်းမြတ်၏ မယ်တော်ကြီးနှင့် သမီးတော်တို့အား အောက်မေ့သတိရခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(သြဂုတ် ၇ ရက်)နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းဘုရင့်နန်းတော်၊ Dusit Maha Prasat Throne Hall တွင် ထိုင်းဘုရင်မင်းမြတ်၏ မယ်တော်ကြီး Queen Sirikit အား အောက်မေ့သတိရခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းဘုရင့်နန်းတော်၊ Priman Rattaya Throne Hall တွင် ထိုင်းဘုရင်မင်းမြတ်၏ သမီးတော် မင်းသမီး Princess Bajrakitiyabha အား အောက်မေ့သတိရခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် တို့ သီးသန့်တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။