Myanmar National Post

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြဘုရား (Temple of Emerald Buddha) သို့ သွားရောက်ဖူးမြော်ကြည်ညို











နေပြည်တော်၊ ဩဂုတ် ၇

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့်နန်းတော်သို့ ရောက်ရှိကြရာ ထိုင်းဘုရင်နန်းတွင်းကိုယ်စားလှယ်အရာရှိကြီးများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ဘုရင့်နန်းတော်ဆိုင်ရာများနှင့် မြဘုရားဆိုင်ရာတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မြဘုရားကျောင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်းမန်းဆက်ကပ်၍ ဖူးမြော်ကြည့်ရှုကာ မြဘုရားအတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက်ဆင်းတုတော်မြတ်နှင့် ဘက်စုံအလှူတော်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြဘုရားကျောင်းဆောင်အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး တာဝန်ရှိသူများက မြဘုရားနှင့် သာသနိကအဆောက်အဦများ၏ သမိုင်းကြောင်းများ ရှင်းလင်းတင်ပြမှုအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ Dusit Maha Prasat Throne Hall ၌ ထိုင်းဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး Queen Sirikit အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခွေချခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက်ဆင်းတုတော်မြတ်အား လှူဒါန်းပေးအပ်ခြင်း၊ Piman Rattaya Throne Hall ၌ ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်မင်းသမီးကြီး Princess Bajrakitiyabhaအား အောက်မေ့သတိရ လွမ်းသူ့ပန်းခွေချခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက်ဆင်းတုတော်မြတ်အား လှူဒါန်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မှတ်တမ်းစာအုပ်တွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post