Popular Myanmar

ကျိုင်းတုံမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိ

ကျိုင်းတုံ၊ ဩဂုတ် ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်လေကျေးရွာရှိ နောင်လေငါးကန်စားသောက်ဆိုင်အနီး ခြံဝန်းအတွင်း၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သွားရောက်စစ်ဆေး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရ ယမန်နေ့ နံနက် ၇ နာရီခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား ၁၄၄ ဦး၊ လာအိုနိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦး (စုစုပေါင်း ၁၅၆ ဦး) တို့ကို ဖုန်းမျိုးစုံ ၆၅၈ လုံး၊ All In One ကွန်ပျူတာ ၁၃၄ လုံး၊ Laptop ၂၈ လုံး၊ STAR LINK GAN-3 ၁၃ လုံး၊ မီးစက်များနှင့် အခြားဆက်စပ် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ပပျောက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar