Popular Myanmar

အစိုးရ ဘဏ္ဍာငွေသုံး စာအုပ်ပုံနှိပ်ခြင်းများကို အစိုးရစက်ရုံများ၌သာ ဆောင်ရွက်ရန် ညှိနှိုင်း

နေပြည်တော်၊ ဩဂုတ် ၈

နိုင်ငံတော် ဘဏ္ဍာငွေဖြင့် စာအုပ်စာစောင်များ ပုံနှိပ်ရာတွင် အစိုးရပိုင် ပုံနှိပ်စက်များ၌သာ စနစ်တကျ အပ်နှံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဦးထိန်လင်းက ဇူလိုင် ၃ ရက် အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း စတင်အကောင်အထည်ဖော်နေမှုများကို ပြောကြားခဲ့သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာနပိုင် ပုံနှိပ်စက်များတွင် အချိန်မီ အပ်နှံဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းခဲ့ကြသည်။

အဆိုပါ လုပ်ငန်းသည် အစိုးရဌာနများ၏ စာအုပ်စာစောင် ပုံနှိပ်စရိတ် ဘဏ္ဍာငွေများကို အစိုးရပိုင် စက်ရုံများထံသို့သာ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဝန်ကြီးဌာနများကလည်း နှစ်စဉ် စာအုပ်ပုံနှိပ် အပ်နှံမှုနှင့် ဆက်လက်အပ်နှံမည့် အခြေအနေများကို တင်ပြခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar