
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော်သို့ ရောက်ရှိချိန်တွင် ဆန္ဒပြခဲ့သည့် လွှတ်တော်အမတ်သည် ၎င်း၏ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်သည်ဟုသာ မှတ်ယူပါကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ ထိုင်းအမျိုးသားလွှတ်တော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိချိန်တွင် လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာကြိုဆိုသူ အများအပြားရှိပြီး ဆန္ဒပြသူသည် တစ်ယောက်တည်းသာဖြစ်ဟုဆို
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော်သို့ ရောက်ရှိချိန်တွင် ဆန္ဒပြခဲ့သည့် လွှတ်တော်အမတ်သည် ၎င်း၏ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်သည်ဟုသာ မှတ်ယူပါကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(သြဂုတ် ၇ ရက်)နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ထိုင်းအမျိုးသားလွှတ်တော်သို့ ရောက်ရှိလာချိန်တွင် ထိုင်းလွှတ်တော်အမတ် တစ်ဦးက ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းမှုကို “ ကျွန်မတို့ အဲ့ဒီအချိန် ထိုင်းအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဖို့အတွက်ကို သွားပါတယ်။ အဲ့ဒီအချိန်မှာတော့ အဲ့ဒီဟာကို ကျွန်မတို့က မသိလိုက်ဘူး။ ကျွန်မလည်း ပါပါတယ်။ ဒါပေမယ့် သတင်းတွေ လိုင်းပေါ်မှာ တက်လာတာ တွေ့ရပါတယ်။ နောက်မှ ပြန်ကြည့်လိုက်တော့ ဟုတ်ပါတယ်၊ ထိုင်းကပဲ လွှတ်တော်အမတ် တစ်ယောက် ဒါက လွတ်တော်ထဲကို လာပြီးတော့ အဝမှာ အပြင်ဘက်မှာပါ၊ အထဲမှာ မဟုတ်ပါဘူး၊ ဆန္ဒပြသွားတယ်ဆိုတဲ့ ပုံစံလေးကို ကျွန်မတို့ ဒီဗီဒီယိုထဲမှာ တွေ့လိုက်ရပါတယ်။ အဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို အပြည့်အဝ ကျင့်သုံးတဲ့၊ လိုက်နာတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရကလည်း ဒါက လွှတ်တော်အမတ်တွေရော၊ ပြည်သူ ပြည်သားတွေရော အားလုံးသည် သူတို့ရဲ့ဆန္ဒတွေကို လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်ရှိပါတယ်။ အဲ့တော့ ကျွန်မကတော့ ဒီဗီဒီယိုလေး ကြည့်လိုက်ရပါတယ်၊ အဲ့ဒီအတွက် ဒါသည် သူရဲ့ ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်တယ်လို့ပဲ မှတ်ယူပါတယ်” ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြန်လည်ဖြေကြားသည်။
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ထိုင်းအမျိုးသားလွှတ်တော်သို့ ရောက်ရှိလာချိန်တွင် ဆန္ဒပြခဲ့သည် ထိုင်းလွှတ်တော်အမတ်သည် ထိုင်းနိုင်ငံ၏ အတိုက်အခံပါတီတစ်ခုဖြစ်သော ပြည်သူ့ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က “ အဲ့ဒီမှာ တွေ့လည်း တွေ့မှာပါ၊ ကြိုနေတဲ့အဖွဲ့တွေ အများကြီး ရှိပါတယ်။ ဆန္ဒပြတဲ့သူသည် တစ်ယောက်ထဲသာ ဖြစ်ပါတယ်။ အဲ့တော့ ဒါက အများက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ ကြိုဆိုကြသလို ဒါက မနှစ်သက်တဲ့သူကလည်း သူရဲ့သဘောဆန္ဒကို ဖော်ထုတ်တယ်လို့ပဲ မှတ်ယူပါတယ်”ဟု ပြောကြားသည်။
ထိုင်းနိုင်ငံသို့ နှစ်ရက်အကြာ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။