Eleven Media Group

အမရပူရမြို့ပြဖွံ့ဖြိုး​ရေးစီမံကိန်းကြောင့် မည်သည့်ကျေးရွာမျှ ပြောင်းရွှေ့ရခြင်းမရှိဟု စီမံကိန်းလုပ်ပိုင်ခွင့်ရရှိထားသည့် ​စေပိုင်ကုမ္ပဏီ တာဝန်ရှိသူကဆို

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ကျေးရွာမျှ ပြောင်းရွှေ့ရခြင်းမရှိဘဲ စီမံကိန်းဧရိယာအတွင်းပါဝင်သည့်နေရာများကို ကွင်းအမှတ်များဖြင့် ၂၀၁၆ခုနှစ်ကတည်းက ဆက်တိုက်ကြေညာခဲ့ပြီးဖြစ်သလို ကျေးရွာအနေဖြင့် ရှမ်းလေးကျွန်းတစ်ရွာတည်းသာပါရှိကြောင်း၊၎င်းရွာပင် ရွှေ့ပြောင်းပေးရခြင်းမရှိဘဲ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုမ္ပဏီဘက်မှ ဆောင်ရွက်ပေးခဲ့​သည်ဟု ရှင်းလင်းပြောကြားသည်။

" ကျွန်တော်တို့စီမံကိန်းဧရိယာထဲမှာ တရားမဝင်အကွက်ရိုက်ရောင်းချမှုတွေ၊ ဖြစ်ပေါ်လာမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဂရန်တွေချထားပေးမယ်။ ဖယ်စရာမလိုတော့ဘူးဆိုရင်လည်း ကျွန်တော်တို့မှာက ကန့်ကွက်ခွင့်မရှိပါဘူး။ ကျွန်တော်တို့မှာက စနစ်တကျ မြို့ပြစီမံကိန်းကြီးဖြစ်ဖို့ ပြည်တွင်းပြည်ပ နိုင်ငံတကာပညာရှင်တွေ ကျွမ်းကျင်သူတွေနဲ့ တော်တော်လေး ကြိုးကြိုးစားစား ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ကတော့ ကျင့်ဝတ်ကို အဓိကထားတယ်။ ကျင့်ဝတ်နဲ့အညီ စီမံကိန်းကို အကောင်ထည်ဖော်ပါတယ်။မျှတတဲ့ကိစ္စဆိုရင် ဘယ်အရာမဆို လက်ခံပါတယ်။ စီမံကိန်းသဘောတူစာချုပ်အရလည်း အကောင်အထည်ဖော်နေတာဖြစ်ပါတယ် "ဟု အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဒါရိုက်တာ ဦးဇော်ရဲဝင်းက ရှင်းပြခဲ့သည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာမှာ စုစုပေါင်း ဧက၂၅ဝဝဖြစ်ပြီး မန္တလေးမြို့ပတ်လမ်း(ကမ်းနားလမ်း)အရှေ့ဘက် ဧက၅ဝဝနှင့် အနောက်ဘက်တွင် ဧက ၂၀၀၀ တို့ဖြစ်ကြောင်း၊ Master Plan အနေဖြင့် ၂၀၁၆ခုနှစ်ကတည်းက စတင်ကြေညာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီမှ သိရသည်။

လယ်ယာမြေများတွင် အခြားနည်းသုံးစွဲခွင့်မရှိသော်လည်း အကွက်ရိုက်ရောင်းချ နေအိမ်ဆောက် လူနေထိုင်မှုများရှိသဖြင့် အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)တွင် မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်း ခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံးပြုနေကြောင်း စိစစ်တွေ့ရှိခဲ့ရာ လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့ဖြင့် လက်ရှိနေထိုင်သူများကို လယ်ယာမြေပေါ်မှ ထွက်ခွာသွားရန်၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားသည့် အဆောက်အဦးများ ကို သြဂုတ်လ ၁၄ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ခဲ့ပြီး လိုက်နာမှုမရှိပါက သက်ဆိုင်ရာတရားရုံးများမှ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားစွဲဆိုဆောင်ရွက်မည်ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အဆိုပါနေရာများတွင် နေထိုင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ သြဂုတ် ၅ ရက်က တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ၎င်းတို့လိုလားချက်များကို တောင်းဆိုခဲ့ကြသည်။


စီမံကိန်းဧရိယာတွင်ပါဝင်သော မည်သည့်မြေနေရာကိုမျှ ကုမ္ပဏီက အခမဲ့သိမ်းယူဆောင်ရွက်ခြင်းမရှိကြောင်း၊ ကုမ္ပဏီအနေဖြင့်စီမံကိန်းဧရိယာတွင်ပါဝင်သော မြေနေရာများကို သက်ဆိုင်သူများထံမှ ကာလပေါက်စျေးဖြင့် ညှိနှိုင်းဝယ်ယူခြင်း၊ ရောင်းချလိုခြင်းမရှိသော မြေနေရာများကို စီမံကိန်းစာချုပ်ပါအတိုင်း မြို့မြေကွက်များဖြင့် ပြန်လည်လဲလှယ်ပေးခြင်းနည်းလမ်းများဖြင့်သာ ဆောင်ရွက်ခဲ့ပြီး လာရောက်ဆက်သွယ်ခြင်းမရှိသေးသည့်သူများကိုလည်း စာရွက်စာတမ်းအထောက်အထားပြည့်စုံစွာဖြင့်ဆက်သွယ်လာပါက ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားကြောင်း၊ တရားမဝင်အကွက်ရိုက်ရောင်းချသူများထံမှ ဝယ်ယူခဲ့သူများအနေဖြင့် စာရွက်စာတမ်းပြုစုထားပြီး ​ရောင်းချသူများထံမှ ငွေပြန်လည်တောင်းခံနိုင်ရေးအတွက် ကုမ္ပဏီဘက်မှ ရှေ့နေကုန်ကျစရိတ်ကျခံကာ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်းရှိ တရားမဝင်အကွက်ရိုက်ထားသည့်မြေကွက်များကို အမှန်တကယ်ဝယ်ယူပြီး ဆောက်လုပ်ထားသူများအတွက်လည်း ကုမ္ပဏီမှ အဆောက်အဦးတန်ဖိုးငွေများကို လူမှုရေးကူညီမှုအဖြစ် ပြန်လည်ပေးအပ်မည်ဖြစ်ကာ ဖြစ်သလိုအမြန်ဆောက်ထားသော အဆောက်အဦးများကိုမူ ပေးအပ်ခြင်းပြုမည်မဟုတ်ကြောင်း အမရပူရမြို့ပြစီမံကိန်းဖွံ့ဖြိုးရေးစီမံကိန်း ကုမ္ပဏီဘက်မှ သတင်းထုတ်ပြန်ထားသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်ကလည်း ရှမ်းလေးကျွန်းကျေးရွာတွင် ဒေသခံများက ဆန္ဒပြမှုဖြစ်​ပေါ်ခဲ့သည်။

ရှမ်းလေးကျွန်းကျေးရွာတွင် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (MBCCD) ဥက္ကဋ္ဌ ဦးမောင်ဝိတ်၏ ၅၂ နှစ်ပြည့် မွေးနေ့ အလှူအဖြစ် ဆောက်လုပ်လှူဒါန်းသည့် ဘုန်းကြီးကျောင်း ရေစက်ချပွဲတွင် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးမှုအပေါ် နစ်နာကြေးပေးရန်၊ ရွာပိုင်သုဿန်မြေ အစားပေးရန်နှင့် ရွာအနောက်အဝင်လမ်းကို ပြန်ဖွင့်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းဧရိယာဝန်းကျင် မြေဧက ၂၅ဝဝ ပေါ်တွင် ကနဦးမတည်ငွေ ၅၀၀ ဘီလျံကျပ် ရင်းနှီးမြုပ်နှံ အကောင်အထည်ဖော်လျက်ရှိသည့် အဆိုပါအမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ် ဥက္ကဌအဖြစ် တာဝန်ယူဆောက်ရွက်နေခြင်းဖြစ်ပြီး MBCCD (Mandalay Business Capital City Development) ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးခွင့်မရှိကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ် ဇွန်လပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သဘောတူညီချက်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည့် အမရပူရဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်းခုနစ်ပိုင်း ပါဝင်ကာ စီမံကိန်းစတင်အကောင်အထည်ဖော်နိုင်ရန် မြေဧရိယာများ လိုက်လံဝယ်ယူခဲ့ပြီး MBCCD ကုမ္ပဏီက မြေတစ်ဧကလျှင် ကျပ်သိန်း ၁၅၀၀ သတ်မှတ်ကာ စီမံကိန်းဧရိယာ၏ ရာခိုင်နှုန်း ၈၀ ကျော် ဝယ်ယူပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သဘောတူညီချက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည့် အမရပူရ ဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်း ခုနစ်ပိုင်း ပါဝင်ကာ စီမံကိန်းကာလ ၁၀ နှစ် ကြာမြင့်မည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် စီးပွားရေးဇုန်၊ ဆိပ်ကမ်း၊ ဟိုတယ်ဇုန်၊ လုံးချင်းအိမ်ယာများ၊ စားသောက်ဆိုင်များ၊ နိုင်ငံတကာပညာရေးနှင့် ဆိုင်သည့်ကျောင်းများ၊ ဆေးရုံများပါဝင်မည် ဖြစ်သည်။စီမံကိန်း Pilot Project အနေဖြင့် ဧက ၄၀ ခန့် အား သဲဖို့ကာ အဆောက်အအုံများကို စတင် ဆောက်လုပ်မည်ဟု ယခင်က ထုတ်ပြန်ခဲ့သည်။

​စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်မှာ ၂၀၁၇ ခုနှစ်တွင် မန္တလေးတိုင်းအစိုးရအဖွဲ့အား ကျပ်သိန်း ငါးထောင် တန်ဖိုးရှိ ရွှေဂဲရေဆိုး သန့်စင်စက်ရုံကိုလည်း လှူဒါန်းခဲ့ပြီး ယင်းစက်ရုံမှာ အမရပူရမြို့သစ်စီမံကိန်းထဲတွင် တစ်ခုအပါအဝင် လည်းဖြစ်သည်။ အမရပူရမြို့သစ်စီမံကိန်းမှာ မန္တလေးမြို့ခံလူထုများအကြားတွင် ဝေဖန်မှုများမြင့် တက်ခဲ့သည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group