
အထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် သဖန်းဆိပ်ဆည် ၊ကင်းတပ်ဆည်နှင့် ကာဘိုးဆည်ရေများတွင် ရေဝင်များပြားကာ ရေတံခါးများ ထိန်းညှိဖွင့်ထုတ်ခြင်းများကြောင့် ဆည်အောက်ဘက်ပိုင်း မူးမြစ် ဘေးဝဲယာတစ်လျှောက်ရှိ ကျေးရွာအများအပြား ရေဝင်နစ်မြုပ်လျှက်ရှိကြောင်း သိရှိရသည် ။
သြဂုတ်လ ၅ ရက်နေမှစတင်၍ သဖန်းဆိပ်ဆည်ရေ ထိန်းညှိဖွင့်ထုတ်မှုကြောင့် မူးမြစ်တစ်လျှောက် ရေကြီးရေလျှံကာ မူးဘောင်ကျိုးပေါက်ခြင်း ၊ ခရိုင်ချင်းဆက် တံတားအချို့ မျောပါပျက်စီးခြင်းများ ဖြစ်ပေါ်လျှက်ရှိပြီး လက်ရှိအချိန်တွင် ကန့်ဘလူ ၊ ရေဦး ၊ တန့်ဆည် နှင့် ဒီပဲယင်း မြို့နယ်များအတွင်းရှိ ကျေးရွာ အများအပြား ရေဝင်နစ်မြုပ်လျှက်ရှိခြင်းဖြစ်သည် ။
သဖန်းဆိပ်ဆည်မှာ ကန်ရေပြည့်ရေမှတ် ၅၄၅ ပေ ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၂၇၉၄၀၀၀ ဧကပေရှိပြီး သြဂုတ်လ ၅ရက်တွင် ကန်ရေပြည့်မှတ်သို့ ရောက်ရှိရန် တစ်ပေကျော်ခန့်သာ ကျန်ရှိ၍ ချိန်ညှိဖွင့်ထုတ်ခဲ့ကြောင်း သိရသည် ။
ထိုရေများမှာ ကင်းတပ်ဆည်အတွင်းမှတဆင့် ကင်းတပ်ဆည်အောက်ပိုင်း မူးမြစ်ကမ်းဘေးရှိ ကန့်ဘလူ ၊တန့်ဆည် နှင့် ကာဘိုးဆည်အောက်ဘက် ရေဦး ၊ ခင်ဦး ၊ဒီပဲယင်း ဝန်းကျင်များသို့ ရောက်ရှိကာ
မူးမြစ်နှင့်အနီးဆုံးနေရာများမှာ ရေလွှမ်းမှုကို ဆိုးရွားစွာ ဖြစ်ပွားလျက်ရှိသည်ဟု စုံစမ်းသိရှိရသည် ။
ယင်းသို့ ရေကြီးရေလျှံမှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းတွင် ချောင်းရေ ရုတ်တရက်မြင့်တက်လာပြီး ကောက်စိုက်သမ ၆ ဦး မျောပါသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည် ။
"ရေဦးက မူးမြစ်ဘေးဆိုတော့ နေရာအတော်များများ ရေဝင်တယ် ။ ရေဦးတစ်မြို့လုံး ရေလွှမ်းနေတာ ။ ရေက ညတစ်နာရီလောက် စ ဝင်ပြီး မနက်ကျ ရင်ဂေါင်းလောက်ရှိနေပြီ " ဟု ရေဦးမြို့ခံတစ်ဦးက ပြောကြားသည်။
ရေဦးမြို့နယ်အတွင်း မူးမြစ်ရေ ရေကြီးရေလျှံမှုကြောင့် အောင်မင်္ဂလာရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်နှင့် ဗိုလ်အောင်ဇေယျ ရပ်ကွက်များအတွင်းရှိ ရေဘေးသင့်သူများအား ရေးဦးမြို့နယ်မီးသတ်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်အားကစားခန်းမ၊ ဥယျာဉ်ဘုန်းတော်ကြီးကျောင်း နှင့် ဝါဆိုဘုန်းတော်ကြီးကျောင်းများသို့ ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးထားကြောင်း သိရသည် ။
သဖန်းဆိပ်ဆည်နှင့် ကင်းတပ်ဆည်အောက်ပိုင်း မူးမြစ်ကမ်းဘေးရှိ အဆိုပါ ကျေးရွာများမှာ ရေဝင်ကြမ်းခြင်းကြောင့် မူးဘောင်ကျိုးထားခြင်း ၊ လမ်းတံတားမျောပါပျက်စီးခြင်း ၊ ဆက်သွယ်ရေးခက်ခဲခြင်းများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည် ။
" အပေါ်ရေကလည်း မစဲသေးဘူး ။ အောက်ရေကလည်း တိုးနေတုန်းပဲ " ဟု တန့်ဆည်ဒေသခံတစ်ဦးက ဆိုသည် ။
လက်ရှိတွင် ချောင်းရေ၊မူးရေ၊ဆည်ရေကြောင့် မူးမြစ်ကမ်းဘေးကျေးရွာများတွင် ရေဝင်ရောက်မှုမှာ ဆက်လက် မြင့်တက်လာနိုင်ခြင်းကြောင့် ပြောင်းရွှေ့နေထိုင်ကြရန် ဒေသအလိုက် အသိပေးနှိုးဆော်မှုများ ပြုလုပ်လျှက်ရှိကြောင်း တွေ့ရှိရသည် ။