Popular Myanmar

ဖလမ်းမြို့ ဒေသခံနေအိမ်များ ပြန်လည်ပြုပြင်ရန် ဘိလပ်မြေ၊ သွပ်နှင့် သွပ်ရိုက်သံများ ထောက်ပံ့ပေး

ဖလမ်း၊ ဩဂုတ် ၉

ချင်းပြည်နယ် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ပျက်စီးသွားသည့် ဒေသခံနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဘိလပ်မြေ၊ သွပ်နှင့် သွပ်ရိုက်သံများကို ပျက်စီးဆုံးရှုံးမှုအလိုက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဖလမ်းမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြန်လည်ထူထောင်ရေးကော်မတီ အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးမှုတွင် ရှုခင်းသာလမ်းနှင့် ကြွန်ဘိခ်လမ်းတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ လွတ်လပ်ရေးဆုတောင်းပြည့်စေတီနှင့် မဟာဗောဓိညောင်ပင်စေတီတော် ပတ်ဝန်းကျင်ရှိ ချုံနွယ်အမှိုက်များ ရှင်းလင်းနေမှုအပြင် ပျက်စီးသွားသည့် ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများနှင့် ဒေသခံများ၏ နေအိမ်များ ပြန်လည်ပြုပြင်နေမှုကိုပါ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar