Popular Myanmar

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုမှုများ သတိပြုရန် မိုးဇလ သတိပေး

နေပြည်တော်၊ ဩဂုတ် ၉

ဩဂုတ် ၉ ရက်မှ ၁၂ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ မိုးကြီးနိုင်ကာ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ “မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၄၀/၂၀၂၆)” အရ သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန်နှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ မိုးရွာသွန်းနိုင်ခြင်း ဖြစ်သည်။

သို့ဖြစ်ပါ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်/ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးမှုနှင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုကြရန် လိုအပ်သည်။ ထို့ပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့်လည်း ကြိုတင်သတိပြု သွားလာကြရန် မိုးဇလက သတိပေးထားသည်။

မူရင်းသတင်း — Popular Myanmar