
■ အလှူငွေ ငွေကျပ် ၂၃ ဒသမ ၃၂၄ ဘီလီယံကျော် လက်ခံရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲကို သြဂုတ် ၈ ရက် မွန်းလွဲပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများ လက်ခံခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။
နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသည့်ပြည်သူများကို စေတနာရှင်များက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းကြသည့် မင်္ဂလာရှိသော အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှတစ်ဆင့် ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းခြင်းကြောင့် တာတမံနိမ့်ကျရေကျော်စီးဝင်ခဲ့၍ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၁၃၈ ရွာမှ အိမ်ထောင်စု ၉၀၀၀ ကျော်၊ လူဦးရေ ၃၉၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်လှစ်ထားသည့် အခြေအနေဖြစ်ကြောင်း ပြောကြားသည်။
ကျိုးပေါက်မှုဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင် ၃၁ ရက်မှစပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ပြည်ထောင်စုဝန်ကြီးဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ စေတနာလုပ်အားရှင်များစုပေါင်းပြီး ထုတ်တန်းရိုက်၊ ဝါးထရံကာခြင်း၊ Geobag ချခြင်း၊ ကရိန်းရေယာဉ်ဖြင့် ရေဝင်လမ်းအထက်၌ သဲအိတ်ချခြင်း၊ သံခွံ CB တွဲဖြင့် သဲဖြည့်ဖြုတ်ချပြီး ရေဝင်ထိန်းကာကွယ်ခြင်း၊ ပန်းတာ၏ဘယ်ညာတို့တွင် သဲအိတ်ချပိတ်ခြင်း စသည်တို့ကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရက်များတွင်လည်း သစ်သား/သံကိုယ်ထည် စက်လှေ သုံးစင်းကို သဲဖြည့်ရေမြုတ်ပြီး ရေစီးကြောင်းတားဆီးခြင်း၊ မြုတ်ထားသည့်စက်လှေများပေါ်ကို သဲအိတ်ကြီးများ ထပ်ဖြည့်ချခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြစ်ရေကျချိန်တွင် ပန်းတာကိုမိုးတွင်းကာလ ထိန်းသိမ်းနိုင်ရေးဆောင်ရွက်ရန်စီမံထားရှိပြီး ပွင်းလင်းရာသီရောက်ရှိချိန်တွင် အခိုင်အမာမြေဖို့ခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပိုမိုခိုင်ခံ့စေရေး ပန်းတာ၏ ရေကျော်ဝင်ရောက်နေသည့် နေရာတွင် ၁၂ မီတာအရှည်ရှိသည့် Steel Sheet Pile များကို အလျားပေ ၈၉၀ ခန့် အခုံးပုံ Pile ရိုက်သည့်လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများကို အလျင်အမြန် ကွင်းဆင်းကြည့်ရှု့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားချိန်ကတည်းက ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ယခုရင်ဆိုင်ကြုံတွေ့ရသည့် ရေကြီးရေလျှံမှု တုံ့ပြန်ရေးလုပ်ငန်းများသာမက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအထိ အားတက်သရော ထောက်ပံ့လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ တစ်ဦးချင်း လူပုဂ္ဂိုလ်များအားလုံးနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်မှုများအပေါ် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ရေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းမှုများအပေါ် လေးစားစွာမှတ်တမ်းတင်ပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဆက်လက်၍ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်သမ္မတက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းတို့ကလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး စုစုပေါင်း အလှူငွေ ငွေကျပ် ၂၃ ဒသမ ၃၂၄ ဘီလျံကျော်ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။