Eleven Media Group

ရန်ကုန် - မန္တလေးအမြန်လမ်းရှိ တိုးလ်ဂိတ်များတွင် လမ်းအသုံးပြုခကောက်ခံရာ၌ ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေမှန်ကန်စွာစာရင်းရေးသွင်းရန် ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ရန်ကုန် - မန္တလေးအမြန်လမ်းရှိ တိုးလ်ဂိတ်များတွင် လမ်းအသုံးပြုခကောက်ခံရာ၌ ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေမှန်ကန်စွာစာရင်းရေးသွင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။

ယနေ့ (ဩဂုတ် ၉ ရက်) တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့််အတူ နေပြည်တော်မှ မန္တလေးသို့ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးအတိုင်း ထွက်ခွာလာခဲ့ရာ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ပေါ်ရှိ စကားအင်းတိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှု၊ တိုးလ်ဂိတ်ရှိ ကတ္တားပေါ်သို့ မော်တော်ယာဉ်များချိန်တွယ် ဖြတ်သန်းမောင်းနှင်သွားလာနေမှု အခြေအနေ၊ တိုးလ်ဂိတ် အဆောက်အဦ၊ CCTV အခန်းနှင့် တိုးလ်ဂိတ်ပတ်ဝန်းကျင်တို့အား စစ်ဆေးခဲ့သည်။

ယင်းနောက် ဝန်ထမ်းများ၊ တိုလ်းဂိတ်တာဝန်ခံများနှင့်တွေ့ဆုံ၍ လမ်းအသုံးပြုခကောက်ခံရာတွင် ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေမှန်ကန်စွာစာရင်းရေးသွင်းရေး၊ ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများအမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားရန်၊ တိုးလ်ဂိတ်ပတ်ဝန်းကျင်၌ အမြဲသန့်ရှင်း သပ်ရပ်အောင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်း မိုင်(၄/၀- ၅/၀)ပေါ်တွင် အသစ်တည်ဆောက်လျက်ရှိသော ၈၀ ပေ တံတားအမှတ်(၃/၅) တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ ဒုတိယဝန်ကြီးက လုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားရန်နှင့် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးရေးတာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည််။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတားအသစ် ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီးက Steel Box Girder အမျိုးအစားနှင့်ကြိုတင်အားဖြည့်ကွန်ကရစ် ရက်မတံတားအမျိုးအစားအဖြစ် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး တံတားကြီးအား ငလျင်ဒဏ်ထည့်သွင်းစဉ်းစားမှုကို ထုတ်ပြန်ထားသည့် Myanmar National Building Code 2025 တွင် ပါဝင်သည့် စံနှုန်းများကို လိုက်နာတွက်ချက်ထားပြီး၊ အထူးသဖြင့် ပင်မတံတား Steel Box Girder များ၏ Bearing များကိုလည်း ငလျင်ဒဏ်ခံနိုင်သည့် EradiQuake Bearing အမျိုးအစားကိုအသုံးပြု၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး တပ်ဆင် အသုံးပြု တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း၊ ချဉ်းကပ်တံတား ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မများ တွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် High Damping Rubber Bearing(HDRB) အမျိုးအစားများကို အသုံးပြု တည်ဆောက်ထားသည့် တံတားဖြစ်ပြီး အပြန်လမ်းဘက်မှ ၂ လမ်းသွား တံတားအား ၂၀၂၆ နှစ် ကုန်မတိုင်မီ ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ရန်လိုပြီး လမ်းပန်းဆက်သွယ်မှုရရှိ အောင်အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တံတားပြီးစီးသည်နှင့် တစ်ပြိုင်နက် ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာသွားလာနိုင်မည်ဖြစ်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ဝန်ထမ်းအိမ်ရာများအတွက်အသစ်တည်ဆောက်လျက်ရှိသည့်နန်းဦးမြို့သစ်ဝန်ထမ်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဒုတိယဝန်ကြီးက ငလျင်ဒဏ်ကြောင့် Modular Houses များတွင် နေထိုင်နေကြသည့် ဝန်ထမ်းများအား အမြန်ဆုံး တိုက်ခန်းများပေါ်သို့ တက်ရောက် နေထိုင်အသုံးပြုနိုင်ရန်လုပ်ငန်းများအား အမြန်ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းအခက်အခဲများရှိပါက တင်ပြရန်လိုပါကြောင်း၊ ဌာနမှ လိုအပ်သည်များကိုလည်း ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆောက်အဦများပြီးစီးမှုအခြေအနေများကို လာရောက်ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း တည်ဆောက် ရေးလုပ်ငန်းများ လုပ်ငန်းစီမံချက်များအတိုင်း ပြီးစီးစေရေး အလေးထားဆောင်ရွက် ရမည်ဖြစ်ပါပြီး အဆောက်အဦများ၏ အရည်အသွေးနှင့်လက်ရာ လက်သား ကောင်းမွန်စွာဆောင်ရွက်သွားရန်အတွက် အရည်အသွေး စစ်ဆေးအဖွဲ့များလည်း လုပ်ငန်းစဉ်များအတိုင်း စစ်ဆေးဆောင်ရွက်သွားရန်၊ လမ်း၊ ရေနှင့်လျှပ်စစ်မီး စသည့် Infrastructure များတစ်ပါတည်းပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group