
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်ကို ဩဂုတ် ၆ ရက်တွင် ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဩဂုတ် ၇ ရက်တွင် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း အမှတ် (၆) ရပ်ကွက်နေ ဦးအောင်မြင့်(ခ) ဆူပရာမန်းနီးသည် ၎င်းပိုင်ဆိုင်သည့် Diamond Shine စိန်ရွှေရတနာဆိုင်မှ ဩဂုတ် ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လာစဉ် အမှတ်(၆) ရပ်ကွက် ရွှေဘုံသာလမ်း အိမ်အမှတ်၊ (၃၆) အရှေ့သို့အရောက်၌ စိစစ်ဆဲ အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ည ၈ နာရီခန့်တွင် ဦးအောင်မြင့် ကိုင်ဆောင်သောဖုန်းဖြင့် ၎င်း၏ မိသားစုများထံသို့ အဆိုပါဖမ်းဆီးသွားသူများက ဆက်သွယ်၍ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီးအား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ် သိန်း ၄၅ဝဝနှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်ကြားခြင်းမပြုရန်နှင့် တိုင်ကြားပါက ဦးအောင်မြင့်အား သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ငွေကြေးတောင်းခံခဲ့ကြောင်းသ်ရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါဖြစ်စဉ်မှ ကျူးလွန်သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး ရမိရေး လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၇ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ် တွင် ပါဝင်သူများ ဖြစ်သည့် မူဒူးဂါး(ခ) ဝင်းကိုအောင် နှင့် ဂင်ဒို (ခ) လင်းလင်းတို့ နှစ်ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် ခဲ့ရာ အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီးနှင့် အောင်သူ(ခ) အောင်သူဦးတို့နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် အသွား ၆ လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကာ အဆိုပါနေရာ တစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီးအား ၎င်းအနီးရှိ အိမ်ပျက်အတွင်းမှ အသက်ရှင်လျက်ပြန်လည် ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိနေသောကျူးလွန်သူများအား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီခွဲခန့်တွင် မောင်ငယ်အား ဒေါပုံမြို့နယ်၊ စံပြ(၁) လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အထက်ပါပြန်ပေးဆွဲမှုဖြစ်စဉ်တွင် ပတ်သက်ခဲ့သည့် ကျော်သူရ၊ အောင်ထက်မိုး နှင့် ကျော်သက်တို့ သုံးဦးအား နေအိမ် အသီးသီးတွင် လည်းကောင်း၊ ပြန်ပေးဆွဲမှုပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် Taxi နှင့် ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင်အား ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၊ အောင်မေတ္တာ အလယ်လမ်း အိမ်အမှတ် (၃၁၇)၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျူးလွန်သူများအား ဖြစ်စဉ်ဖြစ်ပွားပြီး အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း ကိုးဦးအား တည်ဆဲဥပဒေများနှင့် အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးလုပ်ငန်း များကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။