
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် မိဖုရားဆုသီတာတို့က နွန်ထဘူရီပြည်နယ်ရှိ ကျောင်းတွင်းပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူအားလုံးကို တော်ဝင်လူနာများအဖြစ် လက်ခံကာ ကုသမှုကာလတစ်လျှောက် ကုန်ကျစရိတ်များကို တော်ဝင်အမိန့်ဖြင့် ကျခံပေးမည်ဖြစ်သည်။
ဩဂုတ် ၉ ရက်တွင် ဘုရင်မင်းမြတ်နှင့် မိဖုရားတို့၏အမိန့်ဖြင့် ဗိုလ်မှူးကြီးတစ်ဦးက နွန်ထဘူရီရှိ ဆေးရုံလေးခုသို့ သွားရောက်ကာ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူများထံ ပန်းများနှင့် လက်ဆောင်ခြင်းများ ပေးပို့ခဲ့သည်။လက်ဆောင်ရရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကလည်း ဘုရင်နှင့် မိဖုရားတို့၏ ကူညီပံ့ပိုးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ကြသည်။
ဩဂုတ် ၇ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ပစ်ခတ်သူကျောင်းသား၏ အဘိုးအဘွားအပါအဝင် လူကိုးဦး သေဆုံးခဲ့ကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
တော်ဝင်လူနာအဖြစ် လက်ခံပေးခြင်းမှာ လူနာ၏ ဆေးကုသမှုကာလတစ်လျှောက် ကုန်ကျမည့် ဆေးကုသစရိတ်များကို တော်ဝင်အထောက်အပံ့ဖြင့် ကျခံပေးခြင်းဖြစ်သည်။ ထိုအခွင့်အရေးကို နိုင်ငံအတွက် အရေးပါသည့် ဖြစ်ရပ်များအပြင် တာဝန်ထမ်းဆောင်နေစဉ် သို့မဟုတ် နေ့စဉ်ဘဝအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် အစိုးရဝန်ထမ်းများနှင့် ပြည်သူများအတွက် သင့်လျော်သည့် အခြေအနေများတွင် ပေးအပ်လေ့ရှိသည်။