
ရေးဘီလူးအမည်ရှိ PDF အဖွဲ့၏ Facebook Page တွင် Comment ရေးခဲ့မှုဖြင့် အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့ ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့် သံဖြူဇရပ်မြို့နယ် တောင်ဖလုကျေး ရွာအနီး သံဖြူဇရပ် - ကျိုက္ခမီကားလမ်းဘေးတွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးကာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့သူမှာ မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် (၅၀) နှစ်အရွယ် ဦးဇင်မင်းခိုင် (ခ) ကိုမင်းမင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းအား သက်ဆိုင်ရာက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ Facebook လူမှုကွန်ရက်စာမျက်နှာတွင် “လင်းလက် လမင်း” Account ဖြင့် ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့က ရေးဘီလူး Page တွင်တင်ထားသည့် မွန်ပြည်နယ် ရေးမြို့၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စကခ - ၁၉ တပ်မတွင် တာဝန်ထမ်းဆောင်နေသော တပ်သား (၄) ဦးတို့ ရေးဘီလူးတပ်ရင်းထံ လာရောက် အလင်းဝင်သည်ဆိုသည့် စာသားပို့စ်တင်ထားသည့် အောက်၌ “လင်းလက် လမင်းအကောင့်ဖြင့် “ညီကိုရေ သတိတော့ထားပါ” ဟု Comment ဝင်ရောက်ရေးသားထားသည်ကို တွေ့ရှိခဲ့သည်။
ထို့အတူ မေလ (၃၁) ရက်နေ့ကလည်း ရေးဘီလူး Page တွင် တင်ထားသည့် “ကျွန်တော်တို့ မွန်လူထုအားနှင့် တိုင်းရင်းသားရော အနီးနားက အဖွဲ့အစည်းအသီးသီးတွေကိုရော ကျွန်တော် အလေးပြုပါတယ်။ အရမ်း ကျေးဇူးတင်တယ်၊ အရေးကြီးမှ သွေးနီး တယ်ဆိုတဲ့စကားကို ကျွန်တော်ယုံပီး ကျုပ်တို့မွန်သွေး ဘယ်လောက်ရဲ လဲ အာဏာရူးတွေ သိစေရမယ်၊ ကျုပ်တို့ မွန်သမိုင်းဘယ်တော့မှ မရိုင်းဘူး” စာသားပို့စ်တင်ထားသည့် အောက်တွင် လင်းလက် လမင်းအကောင့်ဖြင့် “ဖိုက်တင်းညီကို အရာအားလုံး အထူးသတိရှိပါ” ဟု Comment ဝင်ရေးခဲ့သည့်အပြင်၊ ဩဂုတ်လ (၆) ရက်နေ့ကလည်း ရေးဘီလူး Page တွင် “ငိုးမသား ရက်တစ်ရာပြည့် ရေးဘီလူးအခြေအနေ အရှေ့တန်းမှ အခုလို လမ်းလျှောက်ရဲလား ခေါင်းစိမ်းတို့” ဟုရေးသားထားသည့် ပို့စ်စာသားအောက်တွင်လည်း လင်းလက် လမင်းအကောင့်ဖြင့် “အခုလိုမြင်ရ ဝမ်းသာပါတယ် ညီကိုရေ အရာအားလုံး ဂရုစိုက်ပါ” ဟု Comment စာသားဝင်ရောက်ရေးခြင်းနှင့် ရေးဘီလူး Page အကောင့်ဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ်ဆန့်ကျင်သည့် စာသားများ ပို့စ်တင်တိုင်း Comment စာသားရေးသားခြင်း၊ Like / Heart React ပေးထားခြင်းများအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဦးဇင်မင်းခိုင် (ခ) ကိုမင်းမင်း ဆိုသူအား သတင်းအရ သံဖြူဇရပ်မြို့နယ် တောင်ဖလုကျေးရွာအနီး သံဖြူဇရပ် - ကျိုက္ခမီကားလမ်းဘေးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ရေးဘီလူးအမည်ရှိ PDF အဖွဲ့၏ Facebook Page တွင် Comment စာသားများရေးသားခြင်း၊ Like/ Heart React ပေးခြင်းများ လုပ်ဆောင်ခဲ့သည်ဆိုသူ ဦးဇင်မင်းခိုင် (ခ) ကိုမင်းမင်း ဆိုသူအား သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာနေ အသက် (၂၉) နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပု ဆိုသူမှာ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Phoo Pwint Wai အမည်ဖြင့် Account ဖွင့်လှစ်ကာသုံးစွဲလျှက်ရှိကြောင်းနှင့် အဆိုပါ Account ဖြင့် ရေးဘီလူး အမည်ရှိ PDFအဖွဲ့၏ Page တွင် Comment များရေးသားခဲ့သည့်အတွက်ကြောင့်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရပြီး၊ သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။