Eleven Media Group

ချမ်းမြသာစည်မြို့နယ်တွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုကျော် ဖမ်းဆီး

ချမ်းမြသာစည်မြို့နယ်တွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုကျော် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ် ၃ ရက် ည ၈ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ မကြည်ကြည်အေး(ခ)မကြည်အေး(ခ)အမိုး နှင့် မနန်းမြရင်(ခ)အေးငြိမ်းတို့ နှစ်ဦးအား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက် ၆၆၀၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလို (ခန့်မှန်းကျပ် ၁ ဒသမ ၄၈၅ ဘီလျံ)အား HIJET မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများကို ချမ်းမြသာစည်မြို့နယ်၊ ၆၁(ဘီ)လမ်းနှင့် ၁၁၁ လမ်းထောင့်တွင် လွှဲပြောင်းပေးခဲ့သူ ကျောက်မဲမြို့နေ စိုင်းနော်ခမ်း(ဖမ်းဆီးရန်ကျန်)နှင့် လားရှိုးမှ မန္တလေးသို့ ပို့ဆောင်ရောင်းချပေးသူမှာ လားရှိုးမြို့နယ်နေ အန်ဇန်(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — Eleven Media Group