
လေးမျက်နှာရေဘေးသို့ အနယ်နယ်အရပ်ရပ်မှ ကူညီမှုယာဉ်များ ဝင်ရောက်ရာလမ်းများ ပျက်စီးမှုများလာသဖြင့် ပြင်ဆင်ပေးရန် လိုအပ်နေကြောင်း သိရသည်။
“လမ်းမကြီးအနေနဲ့ ရန်ကုန်၊ ပုသိမ်၊ ပြည်ဘက်ကလာတဲ့လမ်းတွေ သုံးကြတယ်။ ရေဘေးသင့်ဒေသကို လာကူကြတာ နေ့စဉ်အတော်များတယ်။ တိုင်းနဲ့ ပြည်နယ်အသီးသီးက ယာဉ်အစီးရေပေါင်းများစွာ ဝင်ထွက်မှုရှိနေတာဖြစ်ပါတယ်။ ဒေသတွင်းလမ်းတွေအနေနဲ့လည်း နိဗ္ဗာန်-အိုင်သပြုလမ်း၊ တလုတ္ထော်- လေးမျက်နှာလမ်း၊ ငါးသိုင်းချောင်း- အိုင်သပြုလမ်း၊ ခြောက်ရွာ-မှန်ကုန်းလမ်းတွေကနေ သွားကြတယ်။ ကူညီမှုယာဉ်တွေအတွက်လည်း အဆင်ပြေအောင် လမ်းအခြေအနေတွေလည်း ပိုဆိုးမသွားအောင် အစိုးရအနေနဲ့ ရေတိုရေရှည်အစီအမံတွေနဲ့ ဆောင်ရွက်ပေးစေလိုပါတယ်”ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လမ်းပျက်စီးမှုများမှာ ဒေသချင်းဆက်လမ်းများ၌ ပိုမိုထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရသည်။
“မတည်ငြိမ်မှုအခြေအနေတွေကြောင့် ပုသိမ်-မုံရွာလမ်းဘက်ကနေ လေးမျက်နှာကို တိုက်ရိုက်ဝင်လို့မရဘူး။ အဲတော့ ငဝန်တံတား (မြို့ကွင်း) ငဝန်တံတား (လေးမျက်နှာ) ဘက်ကို ခြောက်ရွာကနေ မြစ်ကမ်းဘေးတစ်လျှောက် သွားကြတယ်။ ကျေးရွာချင်းဆက်လမ်းကနေ သွားကြတာပေါ့။ တလုတ္ထော်ဘက်၊ အိုင်သပြုဘက် လေးမျက်နှာဝင်ပေါက်တွေက ကားတန်းများတာ၊ လူကြီးလမ်းကြောင်းရှိတာတွေကြောင့် အင်္ဂပူမြို့နယ်ဘက်နေဝင်တဲ့ ခြောက်ရွာ- မှန်ကုန်းလမ်းဘက်ကို ပိုပြီးအသုံးများလာကြတယ်။ မိုးရွာတာ၊ ကားအသွားအလာများတာတွေနဲ့ဆိုတော့ လမ်းတွေမှာ ဗွက်တွေများပြီး ပိုဆိုးလာတယ်။ ဒေသခံတွေကတော့ တစ်နိုင်တစ်ပိုင်ပေါ့။ ကိုယ်ထူကိုယ်ထ ထွက်ပြင်ပေးကြပေမယ့် အစိုးရအစီအမံရှိလာမှ အဆင်ပြေမှာ။ တံတားဆိုရင်လည်း ကျွဲသောင်တံတားမှာ ထိခိုက်မှုရှိလို့ ကားတန်းကြီး ခဏလမ်းပိတ်သွားသေးတယ်။ ဒေသခံတွေ သစ်သားအခင်းလာပြင်ပေးလို့ အဆင်ပြေသွားတာ။ ပုံမှန်ထက် သွားနှုန်းအတော်ပိုများတော့ လမ်းက အတော်ပျက်နေပြီ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
လေးမျက်နှာမြို့နယ်ရေဘေးသို့ လက်ရှိ သွားလာလှူဒါန်းမှုများအပြင် ပြန်လည်ထူထောင်ရေးအတွက်ပါ ဆက်လက်ဆောင်ရွက်ကြရဦးမည်ဖြစ်သဖြင့် လမ်းပျက်စီးမှုများအား အစိုးရမှ ပြင်ဆင်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။