Eleven Media Group

■ ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ၁ ပေကျော်လွန်နေပြီး မြစ်ကမ်းအနီး အနိမ့်ပိုင်းနေထိုင်သူများ ဆက်လက်ရွှေ့ပြောင်းနေ

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ယခု (သြဂုတ် ၁၁ ရက်) မွန်းလွဲပိုင်းတွင် စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာအထက် ၃၄ စင်တီမီတာ ( ၁ ပေကျော် ) ကျော်လွန်နေပြီး မြစ်ကမ်းအနီး အနိမ့်ပိုင်းနေထိုင်သူများ ဆက်လက်ရွှေ့ပြောင်းနေကြောင်း သိရသည်။

မြစ်ရေ ဆက်တိုက်မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များထိ မြစ်ရေဝင်ရောက်လာပြီး အမှတ် ၁ ၊ ၉ ၊ ၁၃ ၊ ၁၄ ရပ်ကွက်များမှ ဒေသခံအချို့ ရွှေ့ပြောင်းနေကြောင်း သိရသည်။

“အမှတ် ၁ က ရေမြုပ်အိမ်တွေကတော့ ကျောက်စေတီဘုရားဝန်းနဲ့ ဖောင်တော်ဦးဘုရားဝန်းထဲ ရွှေ့ကြတယ်။ အိမ်ထောင်စု ၅၀ လောက်ရှိမယ်။ အမှတ် ၉ က ရွှေ့ရသူနည်းပါသေးတယ်။ တစ်ချို့ကတော့ စောင့်ကြည့်တုန်းနဲ့ ရေဝင်ပေါက်တွေကို သဲအိတ်တွေကာကြတယ်။ အမှတ် ၁၃တို့ ၁၄ ကတော့ သီဟိုဠ်ရှင်ဘုရား ဇရပ်တွေဆီ ရွှေ့ကြပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေက နေရာချထားပေးထား စားစရာထောက်ပံ့တာတွေ လုပ်နေတယ်” ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြောသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ လက်ရှိတွင် ၂၁၈၄ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၂၀ စင်တီမီတာခန့် ထပ်မံမြင့်တက်မည်ဖြဝ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group