Eleven Media Group

■ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီချောင်းဘေးဝဲယာရှိ နေအိမ်များသို့ ရေဝင်ရောက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး ခရိုင်၊ ရပ်စောက်မြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၁၀ ရက် နံနက် ၈ နာရီခန့်မှစ၍ ဇော်ဂျီရပ်ကွက် အနိမ့်ပိုင်းချောင်းဘေးဝဲယာရှိ နေအိမ်များအတွင်းသို့ မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ဇော်ဂျီမြစ်စီးဆင်းရာ အထက်ပိုင်း ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စုတွင် မိုးရေချိန် ၂ ဒသမ ၇၀ လက်မအထိ မိုးရွာသွန်းခဲ့သဖြင့် ဇော်ဂျီမြစ်ရေမှာ နံနက် ၆ နာရီတွင် ၁၂ ဒသမ ၅ ပေ၊ နံနက် ၉ နာရီတွင် ၁၃ ဒသမ ၅ ပေနှင့် နံနက် ၁၁ နာရီအချိန်တွင် ၁၃ ဒသမ ၆ ပေအထိ အချိန်နှင့်အမျှ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇော်ဂျီမြစ်၏ စိုးရိမ်ရေမှတ်မှာ ၁၆ ဒသမ ၄၅ ပေဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၂ ဒသမ ၈၅ ပေခန့်လိုအပ်သေးသော်လည်း အထက်ပိုင်းမှ ရေထပ်မံစီးဝင်နိုင်သဖြင့် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။

ထိုသို့ မြစ်ရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သူများအတွက် ယာယီကယ်ဆယ်ရေးစခန်း နှစ်နေရာ ဖွင့်လှစ်ထားရှိပြီး ဇော်ဂျီရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၁၂ ဦး၊ ဥတ္တံားရပ်ကွက်ရှိ ဇော်ဂျီကွေ့ဓမ္မာရုံတွင် အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၀၊ စုစုပေါင်း အိမ်ထောင်စု ၄၁ စုမှ ပြည်သူ ၁၅၂ ဦးကို ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမှတ် (၄) တပ်မတော်ဆေးရုံ ခုတင် (၁၀၀)၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ အရေးပေါ်ရိက္ခာ၊ သောက်သုံးရေ၊ နေ့လယ်စာများ၊ သန့်စင်ခန်းများ စီစဉ်ပေးခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် လမ်း၊ တံတား၊ အဆောက်အအုံပျက်စီးမှု၊ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မူရင်းသတင်း — Eleven Media Group