





ဂန့်ဂေါ၊ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲသူ၏လက္ခဏာများ၊ မူးယစ် ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်းနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေး ဟောပြောပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က ကလေးသူငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ်ဆိုင်ရာဥပဒေများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များကိုဖြန့်ဝေပြီး မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့် ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ဝန်ထမ်း များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မောင်မျိုးမင်း
#News #Myanmar