Myanmar National Post

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းကိုးခု မေးမြန်းဖြေကြား





မကွေး၊ ဩဂုတ် ၁၂

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ သဘောထားရယူ၍ အစည်းအဝေးဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ မှတ်တမ်းတင်သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုးဦးတို့က လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး၊ သောက်သုံးရေရရှိရေး စသည့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း ကိုးခုကိုမေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားသည့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်းအား ထောက်ခံသည့်အဆိုကို တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်သိန်းက လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးဖြတ်ကိုရယူရာ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက လက်ခံဆွေးနွေးရန် သဘောတူညီသဖြင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အစည်းအဝေးတတိယနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညိုက လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသဖြင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တွင် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ရပ်နားကာ အစည်းအဝေး (တတိယနေ့) ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက် ၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။


ကိုရဲ 

#Myanmar #News

မူရင်းသတင်း — Myanmar National Post