

ကံမ၊ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီ နေထိုင်မည့်နေရာ စီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယနေ့နံနက်ပိုင်းအချိန်အထိ ကံမမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ရေလယ်ကျွန်းကျေးရွာနှင့် မြဝတီကျေးရွာတို့၌ ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေများဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု(၂၂၁)စုမှ မိသားစုဝင် လူဦးရေ(၈၄၆)ဦးတို့အား ရေလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေး၍ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေထိုင်မည့် နေရာများအား စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)
#Myanmar #News