









နေပြည်တော်၊ ဩဂုတ် ၁၂
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day - 2026 ) အခမ်းအနားအား ယနေ့ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြားသည်။
မျိုးဆက်သစ်လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များနှင့် အဓိကမောင်းနှင်အားများဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီနည်းပညာတတ်ကျွမ်းမှုများ ပြည့်စုံအောင် ကြိုးပမ်းကြရန်၊ မိမိတို့၏ စွမ်းရည်များကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တက်ကြွစွာ ပါဝင်အသုံးချကြရန်နှင့် အနာဂတ်နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူနိုင်သည့် နိုင်ငံတော်က အားကိုးအားထားပြုရသော လူချွန်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က သတင်းထုတ်ပြန်ထားသည်။
လူငယ်အင်အားသည် နိုင်ငံတော်အနာဂတ်၏ အဓိကမောင်းနှင်အား — မြန်မာနိုင်ငံတွင် လူငယ်အင်အားအများအပြားရှိပြီး ယင်းအင်အားကို အသိပညာ၊ အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် ဖော်ဆောင်ရန်။
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး — အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် ၈ ဒသမ ၄ သန်းကျော်ရှိသဖြင့် ကျောင်းနေနှုန်းမြင့်မားရေးနှင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးရေးကို အလေးထားဆောင်ရွက်ရန်။
လူငယ်ကဏ္ဍကို သီးခြားအလေးထား — လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းထားပြီး လူငယ်များ၏ စွမ်းရည်နှင့် အလားအလာများ ဖော်ထုတ်ပေးရန်။
ဗလငါးတန်ပြည့်ဝသည့် မျိုးဆက်သစ်များ မွေးထုတ်ရေး — နိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုးမှု၊ မှန်ကန်သည့်အတွေးအခေါ်နှင့် အလေ့အကျင့်ကောင်းများရှိသော လူငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရန်။
၂၁ ရာစု ကျွမ်းကျင်မှုများ ဖြည့်ဆည်းရေး — Digital Technology၊ AI၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရန် အခွင့်အလမ်းများ ဖန်တီးပေးရန်။
Responsible Digital Citizen ဖြစ်ရေး — လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို အမှားအမှန် ခွဲခြားနိုင်သည့် Critical Thinking ရှိရန်၊ AI Ethics နှင့် Cybersecurity ကို သိရှိနားလည်ပြီး နည်းပညာကို တာဝန်သိစွာ အသုံးချရန်။
ခေတ်မီတိုးတက်မှုနှင့် အမျိုးသားရေးလက္ခဏာကို ဟန်ချက်ညီစေရေး — ခေတ်မီနည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်သကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ထိန်းသိမ်းမြှင့်တင်ရန်။
နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူငယ်များဖြစ်ရေး — မြန်မာလူငယ်များကို နိုင်ငံတော်၏ အပြုသဘောဆောင်သည့် ကိုယ်စားလှယ်များအဖြစ် ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရေး အားပေးရန်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်ပါဝင်မှု — လူငယ်များ၏ ရင့်ကျက်သောအတွေးအခေါ်၊ မှန်ကန်သောလုပ်ရပ်နှင့် ပေါင်းစည်းအားတို့ကို ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နိုင်ငံဖွံ့ဖြိုးရေးတွင် အသုံးချရန်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်နှင့်အညီ ပေါင်းစည်းဆောင်ရွက်ရေး — “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား – Different Contexts, Common Aspirations” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မတူကွဲပြားသည့် လူငယ်အတွေးအမြင်နှင့် စွမ်းရည်များကို စုစည်း၍ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရန်။
#Myanmar #News