Eleven Media Group

■ တောင်ကြီး မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပ

■ တောင်ကြီး မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပ

■ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မူဝါဒများ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ပြောကြား


အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ဩဂုတ် ၁၂ ရက် နံနက် ၉ နာရီ တွင်တောင်ကြီးမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူ လူငယ်များ တို့ တက်ရောက်ခဲ့ကြသည်။


တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် အသိပညာ၊ အတတ်ပညာ ပင်ကိုအရည်အသွေး စွမ်းရည်များနှင့်ပြည့်စုံသော လူငယ် အရင်း အမြစ်များပိုင်ဆိုင်ထားရှိခြင်းပဲဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်းကမ္ဘာ့ နိုင်ငံတွေနည်းတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာလည်း လူငယ် တွေစိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန် စေရေး၊ ပညာရည်မြင့်မားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်း များရရှိရေးအတွက် မူဝါဒများ ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လူငယ်တွေဟာနိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဖြစ်တာနဲ့ အညီ အနာဂတ် ကြယ်ပွင့်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်တဲ့အတွက် လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေအပါအဝင် လူငယ်ထုရဲ့ စုစည်းညီညွတ်မှုစွမ်းအားနဲ့ ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ အနာဂတ်မှာ ကျန်းမာကြံ့ခိုင်သော၊ ကိုယ်ကျင့်တရား ကောင်းမွန်သော၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူကျင့်ဝတ် လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်တဲ့ လူကောင်းလူတော်တွေ ပေါ်ထွန်းလာပြီး၊ ဘက်စုံထူးချွန်တဲ့ လူငယ်တွေရဲ့ စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့ တက်လှမ်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် သက်ရွယ်စုံညီပါဝင်တဲ့ လူမှုစီးပွားဘဝ သာယာဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတဖြစ်တဲ့ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းကို ဖန်တီးပုံဖော်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရာမှာလူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဟာအဓိကကျပြီးလူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပညာရေးဖြင့်သာအဓိကတည်ဆောက်ရမှာဖြစ် ပါကြောင်း၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင် လူငယ် လူရွယ်တွေနဲ့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မှာဖြစ်ပြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်တွေကို အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု ပညာရပ်တွေကို စနစ်တကျလေ့ကျင့် သင်ကြားပေးဖို့ အလွန်အရေးကြီးပါတယ်။ အနာဂတ်မျှော်မှန်းချက် အလားအလာတွေနဲ့ ပြည့်ဝနေတဲ့ လူငယ်တွေရဲ့အရည်အသွေးနဲ့ စိတ်ဓာတ်ကို စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးနိုင်မယ့် ပညာရေး ရပ်ဝန်း ဖော်ဆောင်ပေးကြရမှာဖြစ်ကြောင်း ဆိုသည်။

အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး အစီအမံတွေနဲ့ လူစွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွေဟာ အရေးကြီးတဲ့အခန်း ကဏ္ဍမှပါဝင် လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံအများစုက လက်ခံကျင့်သုံး ဆောင်ရွက် လျက်ရှိပြီး၊ မြန်မာနိုင်ငံရဲ့ လူငယ်ထု တစ်နည်းအားဖြင့် လုပ်သား အင်အား များပြားနေတဲ့ အားသာချက်ကို ကောင်းစွာ အသုံးပြုပြီး၊ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မျက်မှောက်ကာလမှာ ရင်းနှီးမြှုပ်နှံခြင်းတွေ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ဆိုသည်။

လူငယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်းဟာ လတ်တလောအကျိုး သက်ရောက်မှုအတွက်မဟုတ်ဘဲ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်တွေ အတွက်ရည်ရွယ်ပြီး အစိုးရတိုင်းက မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အင်အားစုဖြစ်တဲ့ လူငယ်တွေရဲ့အရည်အသွေး စွမ်းပကားတွေကို စနစ်တကျအကျိုးရှိစွာ ကိုင်တွယ်အသုံးပြုပြီး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အနာဂတ်မှာ မျှော်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြောကြားခဲ့သည် ။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဖြစ်ပြီး နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ လူငယ်တွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့လည်းကောင်း၊ ကမ္ဘာတစ်ဝှမ်း လူငယ်တွေရင်ဆိုင် ကြုံတွေ့ နေရတဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို နိုင်ငံတကာအသိုက်အဝန်း က သိရှိနားလည်ပြီး လိုအပ်တဲ့ မူဝါဒ၊ မဟာဗျူဟာ၊ ရေးဆွဲချမှတ် အကောင်အထည် ဖော်နိုင်ဖို့အတွက် လည်းကောင်း၊ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၇ )ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်အမှတ်၊ ၅၄ / ၁၃၀ နဲ့ ဩဂုတ်လ( ၁၂ ) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ကုလသမဂ္ဂကကြီးမှူးပြီးတော့ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ် စတင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အစိုးရအဖွဲ့ အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ပြီး နှစ်စဉ် ဩဂုတ်လ(၁၂) ရက်နေ့မှာ လူငယ်များကို အသိအမှတ်ပြုဂုဏ်ပြုတဲ့အခမ်းအနား တွေကို ကျင်းပပြုလုပ်ဖို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တိုက်တွန်း နှိုးဆော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ကြေညာတဲ့ဆောင်ပုဒ်ကတော့ " Different Contexts, Common Aspirations " "နောက်ခံမတူခြား၊ ရည်မှန်းတူထား၊ လူငယ်အား" ပဲဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ အနှစ်ချုပ်မှာ လူငယ်တွေရဲ့ အတွေ့အကြုံတွေ ကွဲပြားခြားနားမှုတွေနှင့် အပြန်အလှန်ချိတ်ဆက်နေမှုတွေကို အသိအမှတ်ပြုပေးဖို့ လိုအပ်နေကြောင်း ထင်ဟပ် ပြသနေပါကြောင်း ဆိုသည်။

သတင်း နှင့် ဓါတ်ပုံ - စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group