
ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာနကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေ ကျပ် ၂ ဒသမ ၈၂ ဘီလျံကို ပထမအကြိမ် ခွဲဝေချထားခဲ့ပြီး ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြား သည်။
ဩဂုတ် ၁၀ ရက်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကလေးအရွယ်မှစပြီး ဘဝတစ်သက်တာတွင် အစာအမျိုးအမည် (၅) မျိုးပါအောင် စုံလင်စွာ စားသောက်တတ်သည့် အလေ့အကျင့်နှင့် မိသားစုများပါ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝမျှတသော အစားအသောက်များ စားသုံးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးကြရန်လိုကြောင်း၊ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာနကို ခွင့်ပြုရန်ပုံငွေများ ချထားပေးလျက်ရှိပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း ရန်ပုံငွေ ကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည့် သင်တန်းနှင့် သုတေသနလုပ်ငန်းအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၁၃ နှစ်မှ ၁၇ နှစ်အတွင်း ဆယ်ကျော်သက်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁,၁၅၅) ဦး၏ ကျန်းမာရေးဆိုင်ရာအခြေအနေများကို လေ့လာဆန်းစစ်ခဲ့သည်ကိုသိရှိရကြောင်း၊ အဆိုပါသုတေသနရလဒ်အရ ကိုယ်အလေးချိန်လျော့နည်းသည့် ကျောင်းသား၊ ကျောင်းသူ ၂၃ ရာခိုင်နှုန်းနှင့် အဝလွန်သည့် ကျောင်းသား၊ ကျောင်းသူ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံးတစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ဆယ်ပုံတစ်ပုံခန့်က စိတ်ဖိစီးမှုများ ခံစားနေရကြောင်း၊ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများမှာ အီး-စီးကရက် (Vape) အပါအဝင် ဆေးလိပ်၊ အရက်ပါဝင်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေးစမ်းသပ်သုံးစွဲမှုများရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့်ကျောင်းများအဖြစ် မူဝါဒချမှတ်ပြီးဖြစ်သဖြင့် လက်တွေ့အခြေအနေတွင်လည်း ဆေးလိပ်ကင်းစင်သည့် ကျောင်းများ ဖြစ်စေရန်လိုအပ်ကြောင်း၊ ကျောင်းပတ်ဝန်းကျင် ပေ (၁၀၀) အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းတို့ကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားကြောင်း၊ ထို့အပြင် အီး-စီးကရက်နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲခြင်းနဲ့ လက်ဝယ်ထားရှိခြင်းကို ဥပဒေဖြင့် ပိတ်ပင်တားမြစ် ထားပြီးဖြစ်သည့်အတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်ကြရန်နှင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ကျောင်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရပြည့်ဝသည့် နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများဖြစ်သည့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ဆေးလိပ်၊ Vape၊ အရက်နှင့် မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်းစသည့် ပညာပေးလှုပ်ရှားမှုအစီအစဉ်များတွင် ကျောင်းသား၊ ကျောင်းသူအားလုံး တက်ကြွစွာပါဝင်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိတ်ကျန်းမာရေး ကောင်းမွန်စေရေးနှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံလောက်သည့် အိပ်စက်ချိန် ရရှိရေး၊ စိတ်ဖိစီးမှုများ ခံစားနေရသည့်ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်းပြီး ကူညီပံ့ပိုးမှုရှိသည့် ပတ်ဝန်းကျင်များ၊ အပြုသဘောဆောင်သည့် ဆက်ဆံရေးများနှင့် အားပေးကူညီခြင်းတို့ကိုလည်း သက်ဆိုင်သူအားလုံးကပူးပေါင်းပြီး ပိုမိုအလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ထူးချွန်ဆုရရှိကြသည့်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။