
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတင်ရသူ လူနာဦးရေ ယခင်ကထက်များပြားလာ ကြောင်း လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရှိရသည်။
သြဂုတ်လဆန်းပိုင်းထက် ယခုရက်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတင်ရသူ လူနာဦးရေ ပိုမိုများပြားလာကြောင်း၊ များပြားလာရခြင်းမှာ သောက်သုံးရေ၊ အသီးအနှံများ ပိုမိုပေါများလာခြင်းနှင့် အခြားအခြေအနေအရပ်ရပ်တို့ကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
"ပြီးခဲ့တဲ့အပတ်ကထက် လူနာဦးရေက ပိုများလာတယ်။မိုးရာသီဖြစ်တာကြောင့် အသီးအနှံတွေ ပေါလာတာတွေနဲ့ အခြားအခြေအနေအရပ်ရပ်တို့ကြောင့် အခုလိုလူနာတွေများလာတာပါ။ဆေးရုံမှာ အဲ့လိုလူနာတွေကို အခြားလူနာတွေနဲ့ ခွဲထားရတာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက်နှစ်ဆယ်ကျော်မှ အသက်လေးဆယ်ကျော်အထိ ဆေးရုံတက် ကုသနေရကြောင်း သိရသည်။
"အသက်လေးဆယ်ကျော်တွေလည်း ဆေးရုံတက်ရတယ်။အသက်နှစ်ဆယ်ကျော်လေးတွေလည်း တက်နေရတယ်။ဆေးရုံတာဝန်ရှိသူတွေက သေချာကြပ်မတ်စောင့်ကြည့်နေပေးပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုလျော့ပါးစေရန် သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးတာဝန်ရှိသူများ၊ ဆရာဝန်များမှ မြို့နယ်အတွင်းအနီးကပ်အထူးတာဝန်ယူစောင့်ရှောက်လျှက်ရှိသည့် အပြင် ပြည်သူများမှလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနိုင်သည့်အရာများအား အထူးဂရုပြုရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
#elevennews #ဝမ်းပျက်ဝမ်းလျှော #ရန်ကုန်ပြည်သူ့ဆေးရုံကြီး