Eleven Media Group

မြန်မာ့ရိုးရာ အစားအစာ ပြိုင်ပွဲနှင့် ပြပွဲကို မန္တလေးမြို့တွင် ကျင်းပမည်

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲကို မန္တလေးမြို့ရှိ Mandalay Convention Center တွင် နှစ်ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျင်းပမည့် အဆိုပါပွဲတော်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၁၂ ရက်က Hotel Hazel တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အကောင်ထည်ဖော်ကျင်းပသည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ ၂၀၂၆ ၊ Tastes of the Golden Land 2026 Mandalay ကို သြဂုတ်လ ၂၂ရက်နှင့်၂၃ရက် ကျင်းပသွားမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့်အတွက် ရည်ရွယ်ကြောင်းလည်း သိရသည်။

" ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ကျွန်တော်တို့မြန်မာ့အစားအစာတွေကို ကမ္ဘာ့အဆင့်မီတည်ခင်းဧည့်ခံခြင်းအနုပညာကိုပေါ့နော်၊ နိုင်ငံတကာအဆင့်ကိုသွားဖို့တက်လှမ်းမယ်ဆိုရင် နိုင်ငံတကာရဲ့နည်းစနစ်လေးတွေရှိတယ်။အဲဒါတွေကို ကြိုတင်ပြီး ပြန့်ပွားစေချင်တဲ့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒီပြပွဲမှာဆိုရင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များဇုန်အသီးသီးကလာမှာဖြစ်လို့ တိုင်းရင်းသားဒေသအသီးသီးက အစားစာတွေကို အဲဒီဒေသတွေသွားစရာမလိုဘဲ တစ်နေရာထဲမှာစားသောက်နိုင်မှာဖြစ်ပြီး ဒေသအသီးသီးက ချက်ပြုတ်နည်းစနစ်တွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန် ဥက္ကဌ ဦးသင်္ကြန်ကျော်က ရှင်းလင်းပြောကြားခဲ့သည်။
ပြခန်းအရေအတွက်၁၃၅ခန်းပါဝင်မည်ဖြစ်ပြီး မြန်မာရိုးရာအစားအစာများ၊ တိုင်းရင်းသားရိုးရာအစားအစာများအပြင် မြန်မာအစားစာများထုတ်လုပ်နေမှုများကိုပါ ပြသသွားမည်ဖြစ်ပြီး မြို့ခံစားသောက်ဆိုင်များ၊ ဟိုတယ်လုပ်ငန်းများမှလည်း ပါဝင်ပြသယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဇုန်အသီးသီးမှ ရိုးရာအစားအသောက်များကို ချက်ပြုတ်၊ ပြသ၊ တည်ခင်းဧည့်ခံသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် ဒိုင်အဖြစ် Master Chef ပြိုင်ပွဲမှ ဒေါ်ဖြူဖြူတင်က ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

အရသာအကောင်းဆုံးဆု၊ တီထွင်ဖန်တီးနိုင်မှုအကောင်းဆုံးဆု၊ အကောင်းဆုံးစားဖိုမှူးဆု စသည်တို့လည်းပါဝင်​ကြောင်း သိရသည်။

အခမ်းအနားကို ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်အသင်း၊ Main Sponcerဖြစ်သည့် CB Bank၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group