Eleven Media Group

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မွန်ပြည်နယ် အတွင်း တာဝန်ထမ်းဆောင်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို စိစစ်၍ ဆက်လက်တာဝန် ပေးသင့်သူများကို တာဝန် ပေးအပ်သွားမည်

Photo Credit - မွန်ပြည်နယ် လွှတ်တော်

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မွန်ပြည်နယ် အတွင်း တာဝန်ထမ်းဆောင်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနက် ဆက်လက်တာဝန်ပေးအပ်သင့်သည့် အုပ်ချုပ်ရေးမှူးများကို စိစစ်၍ ဆက်လက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြောကြားသည်။

ဩဂုတ် ၁၂ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင် မှမေးမြန်းသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ သိလိုသော မေးခွန်းအား ဗိုလ်မှူးကြီးကျော်စွာမြင့် မှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ရပ်ကွက် (၁၀၆) ခု၊ ကျေးရွာအုပ်စု (၃၆၈) ခု၊ စုစုပေါင်း (၄၇၄) ခုရှိသည့်အနက် ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာအုပ်စုမှာ ဘီးလင်းမြို့နယ်၏ အစွန်အဖျားဒေသဖြစ်ပြီး KNU တပ်မဟာ (၁) ဂိတ်ထားရှိခြင်း၊ တပ်မဟာ (၅) စိုးမိုးထားသော နယ်မြေဖြစ်ခြင်းတို့ကြောင့် ယခင်အစိုးရလက်ထက်အဆင့်ဆင့်ကပင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးခန့်အပ်နိုင်ခြင်းမရှိသော ကျေးရွာအုပ်စုဖြစ်သောကြောင့် အုပ်ချုပ်ရေးမှူးခန့်အပ်ခဲ့သော ရပ်ကွက် (၁၀၆) ခု၊ ကျေးရွာအုပ်စု (၃၆၇) ခု စုစုပေါင်း (၄၇၃) ခုရှိပါကြောင်း ဗိုလ်မှူးကြီးကျော်စွာမြင့် ကလွှတ်တော်အစည်းအဝးတွင် ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး “(၂၀၂၁)ခုနှစ်မှ (၂၀၂၆) ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနက် ဆက်လက်တာဝန်ပေးအပ်သင့်သည့် အုပ်ချုပ်ရေးမှူးများကို စိစစ်၍ ဆက်လက်တာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ နုတ်ထွက်ခွင့်တင်ခြင်း၊ တာဝန်မှရပ်စဲခံရခြင်း၊ သေဆုံးခြင်း၊ သမ္မတသက်တမ်းနှစ်ကြိမ်ဆက်တိုက်ဖြစ်ခြင်း၊ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးကောင်းမွန်မှုမရှိခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအားနည်းခြင်းများရှိသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒပုဒ်မ ၁၆ (ဃ) နှင့်အညီတာဝန်ပေးခန့်အပ်သွားမည်ဖြစ်ပြီး၊ လုံခြုံရေးကောင်းမွန်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၅၊ ၆၊ ၇ နှင့်အညီ စိစစ်ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်စွာမြင့်က လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် လူထုကိုယ်စားလှယ်များဖြစ်ကြပြီး၊ ရပ်ကွက်/ကျေးရွာနေ မိဘပြည်သူများအား အနီးကပ်စီမံခန့်ခွဲအုပ်ချုပ်ရသူ၊ အနီးကပ်ကူညီစောင့်ရှောက်ရမည့်သူတစ်ဦးဖြစ်သည်နှင့်အညီ ရွေးချယ်ခန့်အပ်တာဝန်ပေးရာ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေတွင် ပြဌာန်းထားသည့် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူကို ဥပဒေ၊ နည်းဥပဒေနင့်အညီ ရွေးချယ်ထားသူဖြစ်ရမှာဖြစ်ပါကြောင်း၊ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ဖွဲ့စည်းရာတွင်လည်း (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၅၄/၂၀၂၀) ဒုတိယအကြိမ် ပြင်ဆင်ချက်ဥပဒေနှင့်အညီ ဖြစ်ရန်လိုအပ်ပါကြောင်း မေးခွန်းရှင် နိုင်စံတင်က မေးခွန်းမေးမြန်းမရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်နယ်တွင် ယခုအခါမြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရန် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်နေပြီးဟု သိရှိထားပါကြောင်း၊ ပြင်ပသတင်းအရင်းအမြစ်များအရ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ အုပ်စု (၃) အုပ်စု သတ်မှတ်ပြီး ရွေးချယ်သွားမည်ဟု ကြားသိရသလို၊ တချို့မြို့နယ်များတွင် ကျေးရွာ (၉) ရွာ၊ တချို့မြို့နယ်များတွင် (၆) ရွာရွေးချယ်မှုပြုပြီး ကျန်ရပ်ကွက်/ကျေးရွာအုပ်စုများ ကိုရွေးချယ်ခြင်းမပြုဘဲ ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်းသည်ကို ကြားသိရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

(၂၀၂၅) ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ဖွဲ့စည်းထားသည့် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ကြောင့် နယ်မြေမအေးချမ်းသည့် အတွက် (၂၀၂၅) ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်မရှိခဲ့သည့် တချို့သော ကျေးရွာများသည် ယခုအခါ အေးချမ်းမှုရရှိနေပြီးဖြစ်ပါကြောင်း၊ ဥပမာ ရေးမြို့နယ်၌ မော့ကနင်၊ သောင်ပြင်၊ ကော့ဒွတ်ကျေးရွာအုပ်စု၊ ကျိုက်မရောမြို့နယ်၌ ကျွန်းရွာ၊ ကဒါ၊ တောင်ကလေး၊ တရနာ၊ ကော့သပ်ကျေးရွာအုပ်စု၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်များတွင်လည်း အချို့ကျေးရွာများရှိမည်ဖြစ်ပါကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်မညီဘဲ ခန့်အပ်တာဝန်ပေး၍ မရပါ၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ခန့်အပ်တာဝန်ပေးခြင်းသာဖြစ်ရပါမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ သက်တမ်းသည် နိုင်ငံတော်သမ္မတသက်တမ်းနှင့်အညီဖြစ်သည်ဟု ဥပဒေတွင် အတိအလင်းပြဌာန်းထားသည်ဖြစ်၍ ရွေးချယ်မှုကို တဆက်တည်းဖြစ်ရန် လိုအပ်မှာဖြစ်ပါကြောင်း နိုင်စံတင်က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်တချို့နှင့် ကျေးရွာအုပ်စု တချို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

မူရင်းသတင်း — Eleven Media Group