Myanmar National Post

ရွေးကောက်ခံအစိုးရမှ ရေဦး၊ ကျွန်းလှ၊ တန့်ဆည်၊ စစ်ကိုင်း၊ ကန့်ဘလူနှင့် မင်းကင်းမြို့နယ်များ မှ ရေဘေးသင့် အိမ်ထောင်စု ၃၂၂၁ စု၊ လူဦးရေ ၁၁၄၀၃ ဦးတို့သည် ရေဘေးရှောင်စခန်း ၂၉ ခုသို့ ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရ


နေပြည်တော်၊ သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေများနှင့် စက်လျဉ်း၍ ရွေးကောက်ခံအစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြန်လည် ဖြေကြားထားရာတွင် ရေဦး၊ ကျွန်းလှ၊ တန့်ဆည်၊ စစ်ကိုင်း၊ ကန့်ဘလူနှင့် မင်းကင်းမြို့နယ်များ အိမ်ထောင်စု ၃၂၂၁ စု၊ လူဦးရေ ၁၁၄၀၃ ဦးတို့သည် ရေဘေးရှောင်စခန်း ၂၉ ခုသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

၁၁-၈-၂၀၂၆ ရက်နေ့အထိရရှိသည့် စာရင်းများအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦး၊ ကျွန်းလှ၊ တန့်ဆည်၊ စစ်ကိုင်း၊ ကန့်ဘလူနှင့် မင်းကင်းမြို့နယ်များ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ချောင်းများမှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု ၃၂၂၁ စု၊ လူဦးရေ ၁၁၄၀၃ ဦးတို့သည် ရေဘေးရှောင်စခန်း ၂၉ ခုသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့ အဓိကလုပ်ငန်းတာဝန်တစ်ရပ် ဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်များကြောင့် ဘေးသင့်သူတွေကို လတ်တလော စားဝတ်နေရေး ပြေလည်စေရန်ထောက်ပံ့ခြင်း ဆိုတဲ့ လုပ်ငန်းတာဝန်နဲ့အညီ ရေဘေးလွတ်ကင်းရာ နေရာများသို့ ခိုလှုံရောက်ရှိလာတဲ့ ပြည်သူတွေအတွက် ကနဦးအနေနဲ့ ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ခြင်း၊ အဝတ်အထည်နဲ့ အိမ်သုံးပစ္စည်းတွေ ဆုံးရှုံးခဲ့ရင် ကျား/မ အလိုက်ဝတ်ဆင်နိုင်တဲ့ ပုဆိုး၊ မဝတ်လုံချည်၊ တီရှပ်၊ မျက်နှာသုတ်ပုပါ၊ စောင် စသည်တို့ ထောက်ပံ့ခြင်း၊ မီးဖိုချောင်သုံးပစ္စည်းများထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိရာမှာ ယခုမေးမြန်းထားရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရေဘေးရှောင်စခန်းတွေကို ရောက် ရှိနေတဲ့ လူဦးရေ တစ်သောင်းကျော်အတွက် ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်၊ နေအိမ်နဲ့ အိမ်သုံးပစ္စည်းဆုံးရှုံးမှုတွေ ရှိလာခဲ့ရင်လည်း သတ်မှတ်နှုန်းထားများ အတိုင်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို ရေဘေးရှောင်စခန်းများမှာ နေထိုင်စဉ် စားသောက်ဝတ်ဆင်ရေးဆိုင်ရာ ထပ်မံလိုအပ်ချက်များ ရှိလာခဲ့ရင်လဲ လိုအပ်ချက် အပေါ်မူတည်ပြီး ထပ်ဆောင်းဆန်ရိက္ခာ၊ အသင့်စားခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးသေတ္တာ အပါအဝင် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ရာသီအလိုက် ဖြစ်ပွားတတ် တဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်း စေဖို့၊ လျှော့ချနိုင်ဖို့ ဘေးဖြစ်ရာသီကာလများမတိုင်မီ ကြိုတင်ပြီး အများပြည်သူသိရှိသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကြိုတင်ပြင်ဆင်လိုက်နာဆောင်ရွက်ရန်များကို ပြည်သူ လူထုအသိပညာပေးနည်းလမ်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ် များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချပေးရန်ဆိုတဲ့ လုပ်ငန်းတာဝန်ကို ဆောင်ရွက် လျှက်ရှိပါတယ်။

အသက်ကယ်ဆယ်ခြင်း၊ ဘေးလွတ်ရာရွှေ့ပြောင်းခြင်းလုပ်ငန်းများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင် ဖွဲ့စည်းထားသည့်လုပ်ငန်း ကော်မတီ ၁၂ ရပ်အနက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အဆင့်ဆင့်ဖွဲ့စည်းထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များက အသက်ကယ်ဆယ်ခြင်း၊ ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်း၊ စခန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းရပ်များတွင် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများက မိမိတို့၏ပင်မနည်းပညာလုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်လျှက်ရှိကြသည် ဖြစ်ရာ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူများ အကူအညီ တောင်းခံ နိုင်ကြောင်း၊ Help Line ဖုန်းနံပါတ် ၀၆၇- ၃၄၀၄၆၆၆၊ ၀၆၇- ၃၄၀၄၇၇၇ များသို့ ဆက်သွယ်နိုင်ကြောင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ရုပ်မြင်သံကြား နှင့်ရေဒီယိုအစီအစဉ်များ၊ နေ့စဉ်ထုတ်သတင်းစာများ၊ လက်ကမ်းစာစောင်များတွင် ထည့်သွင်းဖော်ပြထားပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် မြို့နယ်တချို့တွင် PDF အကြမ်းဖက်အဖွဲ့များ အခြေပြုလှုပ်ရှားနေပြီး အကြမ်းဖက်သမားများက ရေဘေးကို အကြောင်းပြ၍ လူမှုကွန်ရက်စာမျက်နှာများတွင် လှူဒါန်းထောက်ပံ့ပေးရန် အလှူခံနေမှုများကိုလည်း တွေ့မြင်ရသည်။


#Myanmar #News


မူရင်းသတင်း — Myanmar National Post