
ဩဂုတ် ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) တွင် လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌ အဖြစ် ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း ကဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အတွင်းအရေးမှူးအဖြစ် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ် က ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီတွင် ဦးကြည်လွင် (ညွန်ကြားရေးမှူး (ငြိမ်း) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန)၊ ဦးသန်းဌေး (ပြည်နယ်ဦးစီးမှူး (ငြိမ်း) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးဝင်းဗိုလ် (ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး (ငြိမ်း)၊ ဦးခင်အောင်သွင် (ပြည်နယ်ဦးစီးမှူး (ငြိမ်း) စားသုံးသူရေးရာဦးစီးဌာန)၊ ဦးမောင်မောင်ဇော်ထွန်း (စစ်မှုထမ်း (ငြိမ်း) ဒုဥက္ကဌ မွန်ပြည်နယ်ဂီတအစည်းအရုံး)၊ ဦးမောင်ရွှေ (တရားလွှတ်တော်ရှေ့နေ)၊ ဦစန်းကြည် (တရားလွှတ်တော်ရှေ့နေ)၊ ဦးမိုးကျော် (ဟိုတယ်၊ ဆေးရုံ လုပ်ငန်းရှင်)၊ ဦးမိုးကျော် (ဆောက်လုပ်ရေးလုပ်ငန်းရှင်) တို့မှ အဖွဲ့ဝင်များအဖြစ်ပါဝင်ကြကြောင်း သိရသည်။
တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ နှင့် ယခု တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် (၁၁) ဦး၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် (၇) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ နှင့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီ နှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈) ဦး စုစုပေါင်း (၃၁) ဦးရှိကြောင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးသက်ထွေး နှင့် ပြည်လွှတ်တော်ဒုဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှပင် ရေးမြို့နယ် ပြည်လွှတ်တော်အမှတ် (၂) ကိုယ်စားလှယ် ဦးမင်းအောင်မြင့် တို့ဖြစ်ကြကြောင်း သိရသည်။