Eleven Media Group

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လမ်းဘေးအစားအစာဆိုင်များကို အနည်းဆုံး သုံးရက်မှ ငါးရက်အထိ ရောင်းချခွင့်မပြု

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လမ်းဘေးအစားအစာဆိုင်များကို အနည်းဆုံး သုံးရက်မှ ငါးရက်အထိ ရောင်းချခွင့်မပြုကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။
ကျောက်တံတားမြို့နယ်တွင် သြဂုတ် ၁၃ ရက်မှစတင်ကာ စျေးရောင်းချခွင့်မပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကြေညာလျက်ရှိသည်။
" လတ်တလောတွင် ဝမ်းပျက်ဝမ်းလျှောမှုဖြစ်နိုင် သောကြောင့် မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချမှုများအား ၁၃ ရက်နေ့မှစ၍ နောက်သုံးရက်မှ ငါးရက်အတွင်း စျေးရောင်းချခြင်းမပြုပါရန် အသိပေးတားမြစ်အပ်ပါသည်။ ရောဂါအခြေ အနေပေါ်မူတည်ပြီး စျေးပြန်လည်ရောင်းချခြင်းအား ပြန်လည်အသိပေးမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်" ဟု ကျောက်တံတားမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။
အလားတူ လသာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ဌာနဆိုင်ရာများ၊ စည်ပင်သာယာ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝမ်းပျက်ဝမ်းလျှောဖြစ်စေမည့် လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုး စသည့် ဆိုင်များအား ၂ ရက်၊ ၃ ရက်ခန့် ရပ်နားထားရန် ပြောကြားထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။
သြဂုတ် ၁၂ ရက် ညနေပိုင်းအထိ သိရှိရသည့် သတင်းများအရ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသူ ၁၇၀ ဦးရှိပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၉၃ ဦးရှိကြောင်း သိရသည်။
သြဂုတ် ၁၁ ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ၉၇ ဦးရှိပြီး သြဂုတ် ၁၂ ရက်တွင် ၈၄ ဦး ထပ်မံ၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြောင်း လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။
ဆေးရုံတက်ရောက်နေသူများတွင် ရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိသေးကြောင်း သိရပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၉၄ ဦးရှိကြောင်း၊ သြဂုတ် ၁၂ ရက်တွင် ရောဂါသက်သာပျောက်ကင်းသူ ၁၁ ဦး ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
ကာလဝမ်းရောဂါပိုး တွေ့ရှိရသည့် လူနာများအား ရန်ကုန်ဆေးရုံကြီးတွင် သီးသန့်အဆောင်ဖြင့် ထားရှိ၍ ပိုးသတ်ဆေးများ၊ ကုသရမည့် ဆေးဝါးများဖြင့် ဂရုတစိုက် ကုသမှုပေးနေကြောင်း လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။
ကာလဝမ်းရောဂါပိုး ပိုးတွေ့လူနာများ များပြားလာပါက ထပ်တိုးလူနာများအတွက် ရန်ကုန်ဆေးရုံကြီးတွင် အဆောင်သစ်တစ်ခုအား ကုတင်များ တပ်ဆင်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကာလဝမ်းရောဂါပိုး တွေ့ရှိသည့် နေအိမ်နှင့် အနီးတစ်ဝိုက်တွင်လည်း ပိုးသတ်ဆေးဖျန်းခြင်း အပါအဝင် ရေသန့်ရှင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ရေပိုက်များ သန့်ရှင်းစေရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group