Eleven Media Group

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံး

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံးကြောင်း ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားထားချက်အရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၀ ရက်ထိ ဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦး ရောက်ရှိခဲ့ကြောင်း၊ ဩဂုတ် ၁၁ ရက်တွင် လူနာသစ် (၇၀)ဦး ထပ်မံရောက်ရှိခဲ့ပြီး ဩဂုတ် ၁၁ ရက်ထိ ဆေးရုံတက်လူနာ (၉၈)ဦး၊ ဆေးရုံဆင်း (၈)ဦး၊ အသက် ၉၂ အရွယ် သက်ကြီးလူနာ ၁ ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၂ ရက်တွင် လူနာသစ် (၈၄)ဦး ထပ်မံရောက်ရှိပြီး ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှော ရောဂါပိုးတွေ့သူ (၅၄)ဦးရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်/ပင်၊ ကျန်းမားရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ် ထွေ/အုပ်တို့ ပူးပေါင်း၍ အစားအသောက်နှင့် ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။

မူရင်းသတင်း — Eleven Media Group