
ဩဂုတ် - ၁၃ ( ကြာသပတေးနေ့)
ဂျာမနီ ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဒိုးဘရင့်က ဂျာမနီအစိုးရဟာ သူတို့ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီအထဲမှာ နိုင်ငံခြားက ရန်သူတွေကို တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ ဆိုက်ဘာစစ်ဆင်ရေး လုပ်ပိုင်ခွင့်တွေလည်း ပါဝင်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရုရှားဟာ အစိုးရဆာဗာတွေကို ဟက်ကာလုပ်တာ၊ လေယာဉ် GPS လှိုင်းတွေကို နှောင့်ယှက်တာနဲ့ ယူကရိန်းဒရုန်းတွေကို ဘေးကင်းရာလမ်းကြောင်း လွှဲပစ်တာမျိုးတွေ လုပ်နေတယ် ဆိုပြီး သက်သေခိုင်ခိုင်လုံလုံမရှိဘဲ ခဏခဏ စွပ်စွဲလေ့ရှိကြပါတယ်။ ရုရှားဘက်ကတော့ ဒီစွပ်စွဲချက်တွေ ကို ငြင်းဆိုထားပြီး ဥရောပမှာ စစ်ရေးပြိုင်ဆိုင်မှုကို တရားမျှတအောင် ဆင်ခြေပေးနေတာပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။
ဝန်ကြီး ဒိုးဘရင့်ကတော့ ဂျာမနီရဲ့ ပြည်ပထောက်လှမ်းရေးအဖွဲ့ (BND) နဲ့ ပြည်တွင်းလုံခြုံရေးအဖွဲ့ (BfV) တိုကို အကြီးအကျယ် ပြုပြင်ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။ ဒီဥပဒေကြောင့် ထောက်လှမ်းရေးအဖွဲ့တွေဟာ ပိုပြီး ထိရောက်တဲ့ အေဂျင်စီအစစ်အမှန်တွေ ဖြစ်လာတော့မှာပါ။ "ဒါဟာ ကျနော်တို့ရဲ့ လုံခြုံရေးစနစ်မှာ သမိုင်းဝင် ပြောင်းလဲမှုတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ထောက်လှမ်းရေးတွေကို တကယ့်လက်တွေ့ စစ်ဆင်ရေးလုပ်ပိုင်ခွင့်မျိုး ပထမဆုံးအကြိမ် ပေးလိုက်တာကြောင့်ဖြစ်ပါတယ်" လို့လည်း သူက ပြောသွားပါတယ်။ သူက ဂျာမနီဟာ လက်ရှိမှာ ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပြင်ပနိုင်ငံတွေရဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေ၊ ထောက်လှမ်းရေးလုပ်တာတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ မရိုးမသား ကွယ်ရာကနေ ကြိုးကိုင်စွပ်ဖက်ပြီး တိုင်းပြည် မတည်ငြိမ်အောင် လုပ်ဆောင်ဖို့ ကြိုးစားနေတာတွေကို တွန်းလှန်ဖို့ အခုလို လုပ်ပိုင်ခွင့်တွေ တိုးပေးရတာဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုသစ်ထဲမှာ ဘာတွေ ပါဝင်လာမလဲဆိုရင် - ထောက်လှမ်းရေးအဖွဲ့ (BND နဲ့ BfV) တွေကို ထရိုဂျန်ဗိုင်းရပ်စ်တွေ သုံးပြီး ကွန်ပျူတာတွေနဲ့ စမတ်ဖုန်းတွေထဲ ခိုးဝင်ကြည့်ရှုခွင့်၊ ဆိုက်ဘာတိုက်ခိုက်ခံရ ရင်လည်း တိုက်ခိုက်သူတွေရဲ့ ကွန်ရက်/စနစ်တွေကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခွင့် ပေးသွားမှာပါ။ ဆက်သွယ်ရေး အချက်အလက်တွေနဲ့ ဗီဒီယိုတွေကို ပိုမို ကြည့်ရှုစစ်ဆေးခွင့် ရမှာဖြစ်ပြီး အဲ့ဒီအချက်အလက်တွေကို အေအိုင် သုံးပြီး ခွဲခြားစိတ်ဖြာ ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။ ခေတ်သစ် အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက်အုပ်စုတွေကို တွန်းလှန်ဖို့အတွက် BND နဲ့ BfV တို့မှာ ပိုမိုအားကောင်းတဲ့ "လက်တွေ့စစ်ဆင်ရေး လုပ်ပိုင်ခွင့်တွေ" လိုအပ်တယ်လို့ သူက အဓိကထား ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဂျာမနီအစိုးရဟာ BND အဖွဲ့ကို ပြည်ပမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ နှောင့်ယှက် ဖျက်ဆီးမှုတွေနဲ့ အခြားတိုက်စစ်ဆင်ရေးတွေ လုပ်ဆောင်ခွင့်ပေးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်အရ ထောက်လှမ်းရေးတွေကို သံသယရှိသူတွေရဲ့ အိမ်ထဲအထိ လျှို့ဝှက်ဝင်ရောက်ပြီး ကွန်ပျူတာနဲ့ အခြားစက်ပစ္စည်းတွေမှာ ထောက်လှမ်းရေးဆော့ဖ်ဝဲလ်တွေ သွားရောက်တပ်ဆင်ခွင့်ပါ ပေးသွားဖို့ ရှိနေပါတယ်။
REF: RT
#News #Myanmar