Eleven Media Group

■ အသက် ၁၆ နှစ်အောက် ဩစတြေးလျ လူငယ်များ၏ လူမှုမီဒီယာအကောင့်ပေါင်း ၇၅၀၀၀၀ ကျော်ကို ပိတ်သိမ်းခဲ့ကြောင်း Meta ကုမ္ပဏီ ပြောကြား

အသက် ၁၆ နှစ်အောက် ဩစတြေးလျ လူငယ်များ၏ လူမှုမီဒီယာအကောင့်ပေါင်း ၇၅၀၀၀၀ ကျော်ကို ပိတ်သိမ်းခဲ့ကြောင်း Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီ ဖြစ်သော Meta က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Meta ကုမ္ပဏီသည် စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ၏ ကြားဝင်အရေးယူမှုများနှင့် ရင်ဆိုင်နေရချိန်တွင် လူမှုမီဒီယာအသုံးပြုမှု ကန့်သတ်ပိတ်ပင်မှုမူဝါဒအရ နောက်ထပ်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဩစတြေးလျ၏ လူမှုမီဒီယာ ပိတ်ပင်မှု ဥပဒေ စတင်အာဏာမသက်ရောက်မီအချိန်မှစပြီး ယခုနှစ် ဇွန်လအထိ သံသယဖြစ်ဖွယ် Instagram အကောင့် ၄၆၂၀၀၀ နှင့် Facebook အကောင့် ၂၉၄၀၀၀ တို့ကို ပိတ်သိမ်းခဲ့ကြောင်း Meta ကုမ္ပဏီက ပြောကြားခဲ့သည်။

ယင်းသည် ဇန်နဝါရီလအထိ Instagram အကောင့် ၃၃၁၀၀၀ နှင့် Facebook အကောင့် ၁၇၃၀၀၀ ပိတ်သိမ်းခဲ့သည်ဆိုသည့် စာရင်းထက် ပိုမို မြင့်တက်လာခြင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာ ကုမ္ပဏီဖြစ်သည့် Meta သည် အခြားပလက်ဖောင်းများနှင့်အတူ ယခင်က ၎င်းတို့ကိုယ်တိုင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော လူမှုမီဒီယာပိတ်ပင်မှုဥပဒေကို လိုက်နာဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

ထိုအချိန်မှာပင် ဩစတြေးလျ အင်တာနက် စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့ကလည်း အဆိုပါ ဥပဒေကို လိုက်နာရန် လုံလောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ Meta ကုမ္ပဏီပိုင်ဆိုင်သည့် ပလက်ဖောင်းအချို့ အပါအဝင် အခြားလူမှုမီဒီယာပလက်ဖောင်းများကို တရားစွဲဆိုရန် စဉ်းစားလျက်ရှိသည်။

Meta ကုမ္ပဏီက ထုတ်ပြန်ခဲ့သည့် အချိန်ကာလအပိုင်းအခြားနှင့် ကိုက်ညီသော လိုက်နာဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကို အခြား မည်သည့် လူမှုမီဒီယာပလက်ဖောင်းကမျှ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဩစတြေးလျ အစိုးရ၏ ကိန်းဂဏန်းများနှင့် လွတ်လပ်သော လေ့လာမှုများစွာအရ ပိတ်ပင်မှု စတင်ခဲ့သည့် ပထမဆုံး သုံးလအတွင်း အသက် ၁၆ နှစ်အောက် လူငယ် ၁၀ ဦးတွင် ရှစ်ဦးခန့်က လူမှုမီဒီယာကို ဆက်လက် အသုံးပြုနေဆဲဖြစ်ကြောင်း ပြသနေသည်။

၂၀၂၅ ခုနှစ်ဒီဇင်ဘာ ၁၀ ရက်တွင် အာဏာသက်ရောက်ခဲ့သည့် အဆိုပါဥပဒေကို ကလေးသူငယ်များနှင့် လူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လူမှုမီဒီယာ၏ ရိုက်ခတ်မှုများအတွက် စိုးရိမ်ပူပန်မှုများကြောင့် ဩစတြေးလျ အစိုးရက အဆိုပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများကလည်း အလားတူ အသက်ကန့်သတ်ချက်များကို စဉ်းစားဆောင်ရွက်နေချိန်တွင် ဩစတြေးလျအစိုးရက လူမှုမီဒီယာ ပလက်ဖောင်းများသည် အဆိုပါ ပိတ်ပင်မှုကို ရည်ရွယ်ချက်ရှိရှိ မအောင်မြင်အောင် ပြုလုပ်နေကြသည်ဟု စွပ်စွဲထားပြီး ဥပဒေလိုက်နာရန် ပျက်ကွက်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ဩစတြေးလျဒေါ်လာ ၉၉ သန်း (အမေရိကန်ဒေါ်လာ ၆၉ ဒမ ၇၅ သန်း) အထိ နှစ်ဆတိုးမြှင့်ရန်နှင့် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့အား စာရွက်စာတမ်း စိစစ်ခွင့် အာဏာပိုမိုပေးအပ်ရန် ဥပဒေတစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။

Meta၊ TikTok နှင့် YouTube ၏ မိခင်ကုမ္ပဏီ Google အပါအဝင် Snapchat တို့မှ ကိုယ်စားလှယ်များသည် အဆိုပါ ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာနှင့် အစိုးရတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၄ ရက်တွင် လွှတ်တော်စုံစမ်းစစ်ဆေးရေး ကော်မတီ၌ ထွက်ဆိုသွားမည်ဖြစ်သည်။

"ဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ဒီကိန်းဂဏန်းတွေဟာ ဆက်လက် မြင့်တက်နေဦးမှာပါ။ လူငယ်တွေအနေနဲ့ ဘေးကင်းပြီး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အွန်လိုင်းအတွေ့အကြုံတွေ ရရှိစေရေးဆိုတဲ့ ဩစတြေးလျအစိုးရရဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့လည်း ထပ်တူမျှဝေထားပြီး၊ ဥပဒေအရ ကျွန်တော်တို့ရဲ့ တာဝန်ယူမှုတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်" ဟု Meta က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဩစတြေးလျတွင် ၂၀၂၅ ခုနှစ်က အသက်အရွယ် အတည်ပြုခြင်းဆိုင်ရာ နည်းပညာများနှင့်ပတ်သက်သည့် စမ်းသပ်လေ့လာမှုတစ်ခုအရ ဈေးကွက်အတွင်းရှိ နည်းပညာ ထုတ်ကုန်များသည် အသက်ကန့်သတ် ပိတ်ပင်မှုကို ထိရောက်စွာ အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

Meta အပါအဝင် အခြား လူမှုမီဒီယာ ပလက်ဖောင်း အများစုသည် ဓာတ်ပုံကို အခြေခံသည့် အသက်အရွယ် ခန့်မှန်းရေး ဆော့ဖ်ဝဲလ်များကို စတင်အသုံးပြုခဲ့ကြသော်လည်း ပုံမှန်အားဖြင့် အသုံးပြုသူများ၏ အွန်လိုင်း လှုပ်ရှားမှုများအပေါ် မူတည်ပြီး အသက်အရွယ်ကို ခန့်မှန်းတွက်ချက်သည့် စနစ်ကို ယခင်ကတည်းက ရှေ့ပြေးအနေဖြင့် ကျင့်သုံးလေ့ရှိသည်ဟု ဆိုသည်။

မိမိတို့အနေဖြင့် အသုံးပြုသူများ၏ ပရိုဖိုင်များကို AI ဖြင့် ဆန်းစစ်ကာ မွေးနေ့ပွဲ အထိမ်းအမှတ်များ သို့မဟုတ် စာသင်ကျောင်းများနှင့်ပတ်သက်ပြီး မည်သည့်အတန်းရောက်ရှိနေပြီဆိုသည့် ပြောဆိုထားချက်များကဲ့သို့ အကောင့်တစ်ခုသည် အသက် ၁၆ နှစ်အောက် ကလေးတစ်ဦး၏ အကောင့်ဖြစ်နိုင်ကြောင်း ပြသနေသည့် အချက်အလက်များကို ရှာဖွေခြင်းနှင့် သံသယဖြစ်ဖွယ် အသက်မပြည့်သေးသည့် အကောင့်များဆိုင်ရာ တိုင်ကြားချက်များကို ဆန်းစစ်ရာတွင် အသုံးပြုနေကြောင်း Meta က ပြောကြားခဲ့သည်။

ထို့အပြင် ယခင်အကောင့် ဖျက်သိမ်းခံခဲ့ရသူတစ်ဦးအနေဖြင့် အကောင့်သစ် ထပ်မံပြုလုပ်ရန် ကြိုးပမ်းနိုင်သည့် အခွင့်အရေးကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်းလည်း Meta ကုမ္ပဏီက ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: Reuters See less

မူရင်းသတင်း — Eleven Media Group