Eleven Media Group

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လသာရှိ နာမည်ကျော် ၁၉ လမ်း တပတ်ပိတ်ရမည်

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လသာမြို့နယ် ၁၉ လမ်းရှိ စားသောက်ဆိုင်များအား သြဂုတ် ၁၃ ရက်မှစတင်ကာ တစ်ပတ်ခန့် ပိတ်ထားရကြောင်း သိရသည်။

လသာမြို့နယ်၊ ၁၉ လမ်းရှိ စားသောက်ဆိုင်များအား တစ်ပတ်ခန့်ပိတ်ထားရန် ညွှန်ကြားထားသဖြင့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ ပိန်ထားကြောင်း သိရသည်။

"ဒီနေ့ မနက်မှ သိရတာပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပိတ်ထားရမယ်တဲ့။၁၉ လမ်းမှာရှိတဲ့ ဆိုင်တွေအကုန်လုံး ပိတ်ထားရတာပါ"ဟု ၁၉ လမ်းတွင် ဖွင့်ထားသည့် စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

လသာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ဌာနဆိုင်ရာများ၊ စည်ပင်သာယာ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝမ်းပျက်ဝမ်းလျှောဖြစ်စေမည့် လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုး စသည့် ဆိုင်များအား ၂ ရက်၊ ၃ ရက်ခန့် ရပ်နားထားရန် ပြောကြားထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံးကြောင်း ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားထားချက်အရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၀ ရက်ထိ ဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦး ရောက်ရှိခဲ့ကြောင်း၊ ဩဂုတ် ၁၁ ရက်တွင် လူနာသစ် (၇၀)ဦး ထပ်မံရောက်ရှိခဲ့ပြီး ဩဂုတ် ၁၁ ရက်ထိ ဆေးရုံတက်လူနာ (၉၈)ဦး၊ ဆေးရုံဆင်း (၈)ဦး၊ အသက် ၉၂ အရွယ် သက်ကြီးလူနာ ၁ ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၂ ရက်တွင် လူနာသစ် (၈၄)ဦး ထပ်မံရောက်ရှိပြီး ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှော ရောဂါပိုးတွေ့သူ (၅၄)ဦးရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်/ပင်၊ ကျန်းမားရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ် ထွေ/အုပ်တို့ ပူးပေါင်း၍ အစားအသောက်နှင့် ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။

မူရင်းသတင်း — Eleven Media Group