Eleven Media Group

■ အီရန်နှင့် အမေရိကန်ကြား ဆွေးနွေးပွဲများတွင် တိုးတက်မှုမရှိသေးကြောင်း အီရန်ပြောကြား

အီရန်နှင့် အမေရိကန်ကြား ဇွန်လတွင် သဘောတူခဲ့သည့် ယာယီသဘောတူညီချက်ကို ပြန်လည်အသက်ဝင်စေရန်နှင့် အကောင်အထည်ဖော်မည့် အချိန်ဇယား သတ်မှတ်ရန် ဆွေးနွေးပွဲများတွင် တိုးတက်မှု မရှိသေးကြောင်း အီရန် အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပြီး ပင်လယ်ကွေ့စစ်ပွဲကို အမြဲတမ်း အဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုများတွင် သဘောထားကွဲလွဲနေဆဲဖြစ်သည်။

ဩဂုတ် ၁၂ ရက်က ထိုဒေသအတွင်း သင်္ဘောများ ထပ်မံတိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ခေါင်းဆောင်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့် ပဋိပက္ခ ပြေလည်ရေး မျှော်လင့်ချက်များကို ပိုမိုထိခိုက်စေခဲ့သည်။

"ကြားဝင်စေ့စပ်ပေးသူတွေကတစ်ဆင့် ဆွေးနွေးနေတဲ့ အကြောင်းအရာတွေထဲက တစ်ခုကတော့ အမေရိကန်အနေနဲ့ ယာယီသဘောတူညီချက်ဆီ ပြန်လာဖို့နဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်မယ့် အချိန်ဇယား သတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ လုံးဝကို တိုးတက်မှု မရှိသေးပါဘူး" ဟု အီရန် သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ဟော်မုဇ် ရေလက်ကြားကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီဟု ထရန့်က ဩဂုတ် ၁၂ ရက်က ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါ ရေလမ်းကြောင်းကို စီမံခန့်ခွဲရန် အီရန်က ဖွဲ့စည်းထားသည့် ပါရှန်း ပင်လယ်ကွေ့၊ ရေလက်ကြား အာဏာပိုင်အဖွဲ့ကမူ ရေလက်ကြားကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပြီး အီရန်၏ တောင်းဆိုချက်များကို လက်ခံမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

■ Ref: Reuters

မူရင်းသတင်း — Eleven Media Group