
ဘားအံမြို့တွင် မိုးရွာသွန်းပြီး သံလွင်မြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှစ်ခု ထပ်မံဖွင့်လှစ်ကာ ရေဘေးသင့်သူ ၁၅၀၀ ကျော်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ပြီး ယနေ့ (သြဂုတ် ၁၃ ရက်) နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ (၈၄၁) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နိုင်ရန်အတွက် ရွှေယဉ်မျှော်ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှစ်ခု ထပ်မံဖွင့်လှစ်ပေးပြီး ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။
ဘားအံမြို့တွင် မိုးလုံလေလုံအားကစားရုံ၊ လေသာဘုန်းတော်ကြီးကျောင်း၊ ရွှေယဉ်မျှော်ဘုရား၊ အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း လေးခုတို့တွင် ယနေ့(သြဂုတ် ၁၃ ရက်) နေ့လယ် ၁၂ နာရီထိ အိမ်ထောင်စု ၃၃၅ စု၊ လူဦးရေအမျိုးသား ၇၅၃ ဦး၊ အမျိုးသမီး ၈၂၈ ဦး စုစုပေါင်း ၁၅၈၁ ဦးအား ယာယီပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပြောင်းရွှေ့နေထိုင်လာသည့် အိမ်ထောင်စုများအား ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေးအတွက် ခရိုင်၊မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမားရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။