
■ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အိမ်ခြံမြေ ရောင်းဝယ်ခြင်းများတွင် ရာခိုင်နှုန်းဖြင့်ကောက်ခံခြင်း ၊ ထောက်ခံစာကြေး ကောက်ခံခြင်းများမပြုလုပ်ရန်၊ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ ငွေကြေးကောက်ခံခြင်းမရှိဘဲ အလှည့်ကျ ထမ်းဆောင်မည့်သူ၏နောက်တွင် ကျန်ရှိသည့် မိသားစုအဆင်ပြေစေရေး အများပြည်သူဆန္ဒသဘောတူညီချက်ဖြင့် ထောက်ပံ့ပေးခြင်းများသာ ဆောင်ရွက်ရန် ရှင်းလင်းထားပြီးဖြစ်ဟု ပြည်နယ်ဝန်ကြီးဖြေကြား
ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ငွေကြေးတောင်းခံမှု အပေါ် စိစစ်ကြပ်မတ် ဆောင်ရွက်ပေးနရန် ရှမ်းပြည်နယ် လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ငွေကြေးကောက်ခံနေမှုများအပေါ် မည်ကဲ့သို့ စိစစ်ကြပ်မတ်ဆောင်ရွက်ထားသည်ဆိုသော မေးခွန်းကို ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးဌေးဝင်းလှိုင် က မေးမြန်းခဲ့ခြင်း ဖြစ်ကာ၊ အစိုးရ အဖွဲ့မှ စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့ ကို ဩဂုတ် ၁၃ ရက် တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်ကာ မေးခွန်းပေါင်း ၁၂ ခု၊ အဆိုတစ်ခုတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မြေရောင်းဝယ်ခြင်း ကိစ္စများ၊ စစ်မှုထမ်း ကိစ္စရပ်များတွင် ငွေကြေး ကောက်ခံနေမှုများ နှင့် တရားမဝင် လုပ်ငန်းများကို ခွင့်ပြု၍ ငွေကြေး ရယူမှုများ ရှိနေကြောင်း ၊ အုပ်ချုပ်ရေးမှူး အားလုံးကို ဆိုလိုခြင်း မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် က မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါမေးခွန်းမေးမြန်းမှုအပေါ် ပြည်နယ်စီမံကိန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက "ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများနှင့် ပြုလုပ်သည့် လဝက် လကုန် အစည်းအဝေး များတွင် အိမ်ခြံမြေ ရောင်းဝယ်ခြင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ် စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် တရားဝင် အရောင်းအဝယ် စာချုပ်ဖြင့် ရောင်းဝယ်ခြင်းများ ပြုလုပ်ရန် အိမ်ခြံမြေ ရောင်းဝယ်ခြင်းများ ပြုလုပ်ရာတွင် ရာခိုင်နှုန်း ကောက်ခံခြင်း ၊ ထောက်ခံစာကြေး ကောက်ခံခြင်းများ လုံးဝမပြုလုပ်ရန် ချမှတ်ရှင်းလင်း ဆောင်ရွက်လျက် ရှိပါတယ်။ ထို့အတူ ပြည်သူ့ စစ်မှုထမ်း အရာထမ်း သင်တန်းသား ပြည့်မှီရေး ပြည်သူ့စစ်မှုထမ်းဥပဒေ နည်းဥပဒေနှင့်အညီ ဆင့်ခေါ် ဆောင်ရွက်ခဲ့ရာ၌ သင်တန်းသားများရရှိရေးအတွက် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အလှည့်ကျ တာဝန်ပေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ စစ်မှုထမ်းကြေးကောက်ခံခြင်းမပြုရန် နှင့် ငွေကြေး ကောက်ခံမှုရှိပါက အရေးယူခြင်းခံရမည်ကိုလည်း ချမှတ် ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ပြည်သူ့ စစ်မှုထမ်းများ အတွက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် ကြား ရှိသူများအား ရပ်မိရပ်ဖများ ၊ ကာယကံရှင်များနှင့် အုပ်ထိန်းသူများအား အစည်းအဝေးခေါ်၍ အလှည့်ကျ
မဲနှိုက်စနစ်ဖြင့် ဆောင်ရွက်ထားရှိပြီး ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ပြည်သူ့စစ်မှုထမ်း အလှည့်ကျ ထမ်းဆောင်မည့်ကာယကံရှင်၏နောက်တွင် ကျန်ရှိသော မိသားစုအဆင်ပြေစေရေးအတွက် အများပြည်သူ ဆန္ဒသဘောတူညီချက်ဖြင့် ထောက်ပံ့ပေးခြင်းများသာ ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ဤကဲ့သို့ မဟုတ်ဘဲ ငွေကြေးကောက်ခံမှုရှိပါကြောင်း ဖော်ထုတ်စိစစ်တွေ့ ရှိပါက ဥပဒေကျူးလွန်ချိုးဖောက်သော ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထိထိရောက်ရောက် ထုတ်ပယ် အရေးယူလျက်ရှိကြောင်း ပြောကြားအပ်ပါတယ်"ဟု ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖြေကြားမှုနှင့်ပတ်သက်ပြီး မေးခွန်းရှင် ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးဌေးဝင်းလှိုင် က
ကျေနပ်ပါတယ်။ နောင်တစ်ချိန်မှာ မလုပ်အောင်ပေါ့။ ပြည်သူတွေက နေ့စဉ်ထိတွေ့နေရတာ၊ ထောက်ခံစာ အတွက်နဲ့တောင် ငွေကြေးကောက်ခံမှုတွေ မရှိအောင်ပေါ့။ တကယ်တမ်း ရပ်ရွာအကျိုးကို ဆောင်ရွက်နေတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ၊ အုပ်ချုပ်ရေးမှူး တွေ ကိုလည်း ထောက်ပံ့ပေးဖို့ အတွက်ကိုလည်း နှစ်ဖက်မျှမျှတတ မေးမြန်းခြင်း ဖြစ်ပါတယ်"ဟု ပြောကြားသည်။