Eleven Media Group

အပူပိုင်းမုန်တိုင်း ‘လာလာ’ဝင်ရောက်လာနိုင်သဖြင့် ဟာဝိုင်ယီပြည်နယ်က အရေးပေါ်အခြေအနေထုတ်ပြန်

အပူပိုင်းမုန်တိုင်း လာလာ (LaLa) ကြောင့် ယခုသီးတင်းပတ်ကုန်တွင် လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် အမေရိကန်၏ ဟာဝိုင်ယီပြည်နယ်ကသြဂုတ် ၁၃ ရက်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။

ပစိဖိတ်သမုဒ္ဒရာအတွင်းဖြစ်ပေါ်နေသောအဆိုပါ မုန်တိုင်းမှာအားကောင်းလာနေပြီး ဟာဝိုင်ယီပြည်နယ်၏ဘစ်အိုင်းလန်းကျွန်းသို့ ချဉ်းကပ်လာချိန်တွင် အားကောင်းလာကာ ဟာရီ ကိန်းမုန်တိုင်းအဖြစ်ပြောင်းလဲသွားနိုင်သည်ဟုအမေရိကန် အမျိုးသားမိုးလေဝသဌာန(NWS)က ခန့်မှန်း ထားသည်။

လက်ရှိတွင် မုန်တိုင်း၏အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ (ကီ လိုမီတာ ၈၀)ခန့်ရှိပြီး ထို့ထက်ပို၍ ပြင်းထန်သည့် လေပြင်းများလည်း တိုက်ခတ်နေသည်။

မုန်တိုင်းကြောင့် ဘစ်အိုင်းလန်းကျွန်း၏ဒေသအချို့တွင် မိုးရေချိန် ၂၅ လက်မ (၆၃ ဒသမ၅ စင်တီမီတာ)အထိ စံချိန်တင်မိုးကြီးနိုင်သည်ဟု မိုးလေဝသဌာနကဆက်လက် သတိပေးထားသည်။

မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိလာပါကလိုအပ်သည့် ရန်ပုံငွေ၊ အကူအညီများနှင့် ဝန်ထမ်းအင်အားကို ထိရောက်စွာအသုံးပြုနိုင်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားထားသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group