Eleven Media Group

၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် ပြည်နယ်အဆင့် ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် ပြည်နယ်အဆင့် ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဩဂုတ်လ ၁၄ ရက် မနက်ပိုင်း ၉ နာရီ အချိန်တွင် ကျင်းပခဲ့ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ ကျန်းမာရေး ဌာန တာဝန်ရှိသူများ ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင် ကလည်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး မှ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု အညွှန်းကိန်းများအရ ကျန်းမာရေး စစ်ဆေးပေးသော ကျောင်းရာခိုင်နှုန်း (၉၂) ရာခိုင်နှုန်းကျော်၊ စစ်ဆေးပေးသော မူလတန်းကျောင်း ၉၁ ရာခိုင်နှုန်း ကျော်၊ ရရှိသည်ကို တွေ့ရှိရသည့် အတွက် ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေး ဆောင်ရွက်သော ကျောင်းရာခိုင်နှုန်းမှာ ၉၉ ရာခိုင်နှုန်း ကျော်သာ ရရှိသည့်အတွက် ကျောင်းသား ကျောင်းသူများ၏ အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျန်းမာရေးဌာန နှင့် ပညာရေးဌာန ပူးပေါင်းကာ အားစိုက် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ဆိုခဲ့သည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်ကလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေး နှင့် သုတေသနဌာန ခွဲသည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းကာ (၂၀၀၉) ခုနှစ်မှ စ၍ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အဖြစ် ဩဂုတ်လ တစ်လ လုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ပထမပတ်ကို မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ထားကာ မိခင်နို့သည် ကလေးများအတွက် ပထမဆုံး ရရှိသော ရောဂါကာကွယ်ဆေး ဖြစ်ပြီး မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် ကလေးများတွင် အဖြစ်များသော ဝမ်းပျက်ဝမ်းလျော ရောဂါ နှင့် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းရောဂါ တို့ကြောင့်ဖြစ်ပွားလာနိုင်သော သေဆုံးမှုများကို လျော့ချပေးနိုင်ကြောင်း ဆိုသည်။

ဩဂုတ်လ ဒုတိယပတ်ကို အသက် ၅ နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ထားကြောင်း အသက် (၅) နှစ်အောက် ကလေးငယ် များအား အသက် ၆ လ မှ စ၍ သင့်လျော်သည့်ဖြည့်စွက်စာ ကျွေးခြင်း၊ အသက်အရွယ် အလိုက် ကိုယ်အလေးချိန် ပုံမှန်ချိန်၍ မှတ်တမ်းထားရှိခြင်း၊ ကလေးငယ်များ၏ အာဟာရ အခြေအနေ ကို လက်မောင်းလုံးပတ်ဖြင့် တိုင်းတာခြင်း နှင့် အာဟာရချို့တဲ့သော ကလေးများအား Ready to use Therapeutic Food (RUTF) ဖြန့်ဝေပေးခြင်း ၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ရေး အတွက် အင်အားပြည့် ဗီတာမင် အေဆေးလုံးကို အသက် (၆) လ မှ ငါးနှစ်အောက်ကလေးငယ်တိုင်းအား တစ်နှစ်လျှင် ၂ ကြိမ် တိုက်ကျွေးခြင်း ၊ အသက် (၂) နှစ် အထက် ကလေးများအားလုံးကို သန်ချဆေး တိုက်ကျွေးခြင်း စသည့် လုပ်ငန်းများအား အခြေခံ ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ဆောင်ရွက်ပေးကြောင်း ဆိုသည်။

ဩဂုတ်လ တတိပတ်မှာ ကိုယ်ဝန်ဆောင် နှင့် နို့တိုက် မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဖြစ်ပြီး၊ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာန မှ ကိုယ်ဝန်ဆောင်မိခင်များကို သံဓါတ် နှင့် ဖောလစ်အက်စစ် ပါဝင်သော အဏုအာဟာရဆေးပြား နှင့် ဗီတာမင် ဘီဝမ်း ဆေးပြားများ ဖြန့်ဝေခြင်း ၊ နို့တိုက်မိခင်များကို ဗီတာမင်ဘီဝမ်း ဆေးပြားများ နှင့် အင်အားပြည့် ဗီတာမင်အေ ဆေးလုံးများ ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တွင် ရှမ်းပြည်တောင်ပိုင်းတွင် ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် (၂၈၃၆၂) ဦးအား အဏုအာဟာရဆေးပြားများကို လည်းကောင်း၊ မီးဖွားပြီး (မီးတွင်း) မိခင် (၃၂၂၀၂) ဦးအား ဗီတာမင်အေ (၂) သိန်းအားကို လည်းကောင်း၊ ကိုယ်ဝန်ဆောင် (၂၅၇၅၆) ဦး နှင့် နို့တိုက်မိခင် (၃၀၆၂၈) ဦး တို့အား ဗီတာမင် ဘီဝမ်းဆေးပြားများကိုလည်းကောင်း အသီးသီး တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ စတုတ္ထပတ်မှာ အိုင်အိုဒင်း ချို့တဲ့ ရောဂါများ ပပျောက်ရေး ရက်သတ္တပတ် ဖြစ်ကာ ကိုယ်ဝန်ဆောင် မိခင်တွင် အိုင်အိုဒင်းချို့တဲ့ပါက ကိုယ်ဝန်ပျက်ခြင်း၊ ကလေးအသေမွေးခြင်း၊ ကိုယ်အလေးချိန် မပြည့် လမစေ့သည့် ကလေးမွေးခြင်း၊ ဆွံ့အ နားမကြားသော ကလေး၊ ခြေလက်မသန်စွမ်းသော ကလေး၊ ဉာဏ်ရည်နိမ့်သော ကလေးမွေးဖွားခြင်း စသည်တို့ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု အညွှန်းကိန်းအရ ကျောင်းသား ကျောင်းသူ ကျားမ အလိုက် ယင်လုံ အိမ်သာ စံကိုက် (၁း၅၀) ရှိသည့် ကျောင်းမှာ (၈၉) ရာခိုင်နှုန်း ၊ ကျောင်းသား ကျောင်းသူနှင့် လက်ဆေးကန် သို့မဟုတ် လက်ဆေးရန် နေရာ၊ ရေနှင့် ဆပ်ပြာ (၄ဝး၁) အဆင်သင့် ထားရှိသည့် ကျောင်း (၈၇) ရာခိုင်နှုန်း၊ သန့်ရှင်းသော ရေ ရရှိသော​ကျောင်း (၈၈) ရာခိုင်နှုန်း၊ သန်ချဆေး နှစ်ကြိမ် သောက်ရသော ကျောင်းသား ကျောင်းသူ ထက်လယ်မူ ပေါင်း ရာနိုင်နှုန်း မှာ ၉၉ ရာခိုင်နှုန်း ရှိသည့် အတွက် ယခင်နှစ်ထက် တိုးတက်လာကြောင်း ဆိုသည်။

(၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ အခြေခံ ပညာကျောင်း (၂၂၉၃) ကျောင်း ရှိ KG ကျောင်းသား ကျောင်းသူ (၃၆၃၁၅) ဦးအား ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းကို နိုင်ငံတော် ဘတ်ဂျတ်ဖြင့် (၈) ကြိမ် ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လှူဒါန်းမှုဖြင့် ၁ ကြိမ် ကျွေးမွေးနိုင်ခဲ့ပြီး အာဟာရ ကျွေးမွေးနိုင်သည့် KG ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၁ ရာခိုင်နှုန်း ကျော် ရှိကြောင်း သိရသည်။ ယခု စာသင်နှစ်တွင် KG ကျောင်းသား ကျောင်းသူ များကို ကျောင်းတွင်း အာဟာရကျွေးခြင်း ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ၂ ကြိမ် ဩဂုတ်လ တွင် တစ်ကြိမ် ကျွေးပြီး ဖြစ်ကြောင်း သိရသည်။

ရက် ၁၀၀ စီမံချက်အတွင်း ကျန်းမာရေး အဆင့်မြင့်ကျောင်းသင်တန်းများကို မြို့နယ်အဆင့်၊ ကျောင်း အဆင့် အသီးသီး တို့တွင် ဆောင်ရွက်ပြီး ဖြစ်ရာ ယခုစာသင်နှစ်အတွက် ကျန်းမာရေး အဆင့်မြင့်ကျောင်း အကောင်းဆုံးဆု ရရှိသည့် ၈ ကျောင်းကို ဂုဏ်ပြုဆု ချီးမြှင့်မည် ဖြစ်ကြောင်း ၊ ရက် ၁၀၀ စီမံချက် တွင် Grade 3 ၊ Grade 4 ကျောင်းသား ကျောင်းသူ များအား မျက်စိ ကျန်းမာရေး စစ်ဆေးခြင်း ၁၀၀ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group