Myanmar National Post

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ် ၁၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် လွှတ်တော်သို့လာရောက်လေ့လာသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ ဖွဲ့စည်းပုံနှင့်တာဝန်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လိုအပ်ချက်များအားမေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူများ၏ ဆန္ဒအား ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်မှဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အာဆီယံပါလီမန်များညီလာခံ (AIPA)၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova က ဘယ်လာရုစ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်အားထားရသည့် မိတ်ဆွေနိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေးအတွက် မိမိတို့ပါတီပိုင်းအနေဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post