Eleven Media Group

■ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းပြီး "Job-Ready Skills Workshop for Youth" ကိုပြုလုပ်

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းပြီး "Job-Ready Skills Workshop for Youth" ကိုပြုလုပ်ကြောင်းသိရသည်။

အဆိုပါ "Job-Ready Skills Workshop for Youth" ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၅ ရက်က ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ အစည်းအဝေးခန်းမ(၂) တွင် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"ဒီကနေ့ကျင်းပပြုလုပ်တဲ့ပွဲဟာ​နောင် အနာဂတ်မှာ လုပ်ငန်းခွင်ကို ဝင်ရောက်ကြမယ့် လူငယ်မောင်မယ်များ​နောက်ပြီးတော့ လုပ်ငန်းခွင်သစ်ကို ဖန်တီးကြမယ့် လူငယ်မောင်မယ် ကျောင်းသူ/ကျောင်းသားများအတွက်
​အကျိုးကျေးဇူး များစွာ ရရှိမယ့် Job-Ready Skills Workshop for Youth ပဲ ဖြစ်ပါတယ်။

​ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲဟာ ကျောင်းသူ/ကျောင်းသားများရဲ့​ခုနက ပြောသလို​အနာဂတ်မှာ အလုပ်ကိုင် အခွင့်အလမ်း။ အလုပ်ကိုင် အခွင့်အလမ်း ဆိုတဲ့နေရာမှာ ကိုယ်တိုင်ကလည်း ပဲ အလုပ်ကိုင် အခွင့်အလမ်းကို ဖန်တီးတဲ့သူ
​အဓိက ဖြစ်ရမယ်။ ပြီးတော့​ကိုယ့်ပတ်ဝန်းကျင်​မှာ ရှိတဲ့လူကိုလည်းပဲ အလုပ်ကိုင် ပေးနိုင်တဲ့သူ​ဖြစ်ရပါမယ်။ ဒါကြောင့်မို့​ဒီအခမ်းအနားအား ဘယ်လိုပဲကြည့်ကြည့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခမ်းအနားတစ်ရပ်လည်း ဖြစ်ပါတယ်။ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာရော အားလုံး လက်ခံထားတာက လူငယ်များဟာ လူ့အဖွဲ့အစည်းရဲ့​အဖိုးတန် လူစွမ်းအား အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဒီ​အရင်းအမြစ်ဆိုတာ သုံးရင် ကုန်တာမဟုတ်ပါဘူး။ တကယ်တမ်းကျတော့​ဒီအရင်းအမြစ်က အသုံးချလေ ​တန်ဖိုးတက်လေပါ။​အသုံးချလေ ပိုပွားလေပါပဲ။ ဒါကြောင့်မို့လို့ ​ဒီအရင်းအမြစ်ဟာ နိုင်ငံတော် တည်ဆောက်ရေးမှာ ဦးစီးဦးဆောင် ပြုကြမယ့်​ခေါင်းကိုင်၊ ​တနည်းအားဖြင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အတွက် ခေါင်းကိုင်အ​ဖွဲ.၊ ​အသက်အရွယ်တွေပဲ ဖြစ်ပါတယ်။​ဒါကြောင့်မို့လို့ ဒီအဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးတဲ့​ရန်ကုန်အဝေးသင်တက္ကသိုလ်နဲ့ မြန်မာနိုင်ငံ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်"ဟု လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါ "Job-Ready Skills Workshop for Youth"ကို နှစ်ရက်တာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Workshop တွင် ပုံမှန်အဝေးသင်သင်တန်း တက်ရောက်နေသော နောက်ဆုံးနှစ်ကျောင်းသား စုစုပေါင်း ၁၅ဝ ခန့် ပါဝင်ကြောင်း သိရသည်။

"ဒီ Workshop ကတော့ လူငယ်တွေ အလုပ်အကိုင်ဝင်ရောက်တဲ့အခါမှာ လိုအပ်တဲ့စွမ်းရည်တွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး စီစဉ်ထားတာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အလုပ်အကိုင်ရရှိနိုင်မှုကို မြှင့်တင်ပေးဖို့၊ မိမိကိုယ်မိမိယုံကြည်မှုရှိလာစေဖို့နဲ့ အလုပ်ခွင်ဝင်ရောက်တဲ့အခါ အဆင်သင့်ဖြစ်စေဖို့ ဖြစ်ပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ် မှာ ပုံမှန်အဝေးသင်သင်တန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်ထားတဲ့ သင်တန်း၊ အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာနဲ့ဆိုင်တဲ့သင်တန်းတွေ ဖွင့်လှစ်ဆောင်ရွက်နေပါတယ်၊ ဒီ Workshop မှာတော့ ပုံမှန်အဝေးသင်သင်တန်းမှာ တက်ရောက်နေတဲ့ နောက်ဆုံးနှစ်ကျောင်းသားတွေပါဝင်ပါတယ်၊ စုစုပေါင်း ၁၅ဝ ခန့် ရှိပါတယ်၊ အဝေးသင်ကျောင်းသား ကျောင်းသူ လူငယ်များအတွက် ဒီလို Workshop တွေမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေးတွေ ပိုမိုရရှိအောင် ဆောင်ရွက်ဖို့ လိုအပ်နေတဲ့အတွက်ကြောင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်"ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာထွေးဝင်းက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group