
မြဝတီ ဒေါနတောင်ကျော် အာရှလမ်းသစ် ကွမ်းခြံကွေ့ကုန်းဆင်းတွင် ကုန်တင်ယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြဝတီ ဒေါနတောင်ကျော် အာရှလမ်းသစ် ကွန်းခြံကွေ့ကုန်းဆင်းတွင် ကုန်စိမ်းများ တင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီးသည် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူနှစ်ဦးအား မြဝတီအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းများက မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်း ဘုရားအနီး ကွမ်းခြံကွေ့ကုန်းဆင်းတွင် ကုန်စိမ်းသယ်ဆောင်လာသော CANTER ခြောက်ဘီးယာဉ် တိမ်းမှောက်ရာသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) မှ ဦးဆောင်၍ အလင်းသစ်ကယ်ဆယ်ရေးအဖွဲ့၊ Rescue နှင့် မြေနီကုန်းကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွမ်းခြံကွေ့ ဘုရားကုန်းဆင်းသည် အဆင်းရှည်၊ အတက်ရှည်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သင်္ကြန်ကာလ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားအများအပြား အသက်ဆုံးရှုံးခဲ့ဖူးသကဲ့သို့ ယခုဖြစ်ပွားသောနေရာတွင်လည်း မော်လမြိုင်ဇာတ်အဖွဲ့ကား တိမ်းမှောက်မှုကြောင့် သဘင်အနုပညာရှင်အများအပြား အသက်ဆုံးရှုံးခဲ့ဖူးသော နေရာဖြစ်၍ ယာဉ်မောင်းများအနေဖြင့် အထူးသတိထား မောင်းနှင်ကြရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်ဗဟို ဥက္ကဋ္ဌက အကြံပြုပြောကြားသည်။
PHOTO: လူမှုကယ်ဆယ်ရေးအသင်း